မောင်တော  ၁၂   စက်တင်ဘာ

 

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ဆေးရုံ၌ သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ယနေ့ မောင်တောပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ပိုးတွေ့ ရှိသူများအနက်မှ ၆ ဦးမှာ ရောဂါပိုးကင်းစင်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

 

မောင်တောပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအနက် နှစ်ကြိမ် စစ်ဆေးရာတွင် Negative (ပိုးမတွေ့) သဖြင့် လူနာ(၆)ဦးအား စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသွားသူ ၆ ဦးအတွက် ဝမ်းမြောက် ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ရောဂါပျောက်ကင်းကြောင်း လက်မှတ် နှင့် ဆေးရုံဆင်းလူနာများအား လိုက်နာရန် အချက်များကို မှာကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲ နှင့် တာဝန်ရှိသူများက စားဝတ်နေရေး အခက်အခဲရှိသော အခြေခံအိမ်ထောင်စု (၃)စု ရှိ ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသွားသူ ၆ ဦးအား ဆန်၊ ဆီ၊ ကြက်ဥနှင့် နှာခေါင်း စည်း Mask များကို ထောက်ပံ့ပေးခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  အသက် (၁၈) နှစ် အောက် ကလေး (၁)ဦးအတွက် Child kit (တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်း) ၁ထုပ် နှင့် ငွေကျပ် (၂)သောင်း ထောက်ပံ့ခြင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်ကျောင်းဆင်းညီအကိုများ စုပေါင်း၍ တစ်ဦးလျှင် ငွေကျပ် (၃) သောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ကရုဏာ ကွန်ယက်အဖွဲ့မှ ဆေးရုံ ဆင်းလူနာများ အား နေအိမ်များသို့ လိုက်ပို့ကူညီ ဆောင်ရွက်ခဲ့ကြသည်။ ဆေးရုံဆင်းခွင့်ရလူနာများသည် မိမိတို့အိမ်တွင် Home Quarantine အဖြစ်နှစ်ပတ် ကြာနေထိုင်ရမည်ဖြစ်ပြီး လက်ရှိတွင် မောင်တော ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ အတည် ပြုလူနာ (၄) ဦးသာ ဆေးကုသမှုခံယူလျက်ရှိကြောင်း ပြည်သူ့ဆေးရုံမှတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

 

ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းရှိ Facility Quarantine Centerတွင် အသွားအလာ ကန့်သတ်ထားရှိသူ (၈)ဦးအတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်ကျောင်းဆင်းညီ အကိုများ စုပေါင်း၍ တစ်ဦးလျှင် ငွေကျပ် (၃) သောင်းစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)

 

mdn