မင်းဘူး ၁၂ စက်တင်ဘာ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုလမ်းညွှန်ချက်အရ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်း များအားလုံးကို စက်တင်ဘာ ၁၄ ရက် (တနင်္လာနေ့)မှစတင်၍ ခေတ္တရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
"ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအားလုံးကို စက်တင်ဘာ ၁၄ ရက် နေ့မှာ ခေတ္တရပ်ဆိုင်းထားဖို့ ကျွန်တော်တို့ဝန်ကြီးဌာနကနေ ညွှန်ကြားလာပါတယ်၊ တစ်ဦးနဲ့ တစ်ဦး ရောဂါကူးစက်ပျံ့ပွားမှုကို ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ လူစုလူဝေးမဖြစ်အောင် ဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို ခေတ္တရပ်ဆိုင်းထားရခြင်းဖြစ်ပါတယ်" ဟု မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနခရိုင်ဦးစီးမှူး ဦးမြင့်မော်က ပြောကြားသည်။
ဝန်ဆောင်မှုလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားသည့် ကာလအတွက် ကနဦးမှတ်ပုံတင် ယာဉ်များ၏ ရက်လွန်ဒဏ်ကြေး၊ သက်တမ်းတိုးမော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ၏ သက်တမ်းလွန် ဒဏ်ကြေးများအပါအဝင် လုပ်ငန်းဆိုင်ရာများကို အများပြည်သူ ထိခိုက်နစ်နာမှုမရှိစေရေး တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးသပ်စိစစ် ဖြေလျှော့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အဆိုပါဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ပြန်လည်စတင်နိုင်မည့်ရက်ကိုလည်း ပြည်သူများထံ ကြိုတင်အသိပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


