ကန်ပက်လက် ၁၂ စက်တင်ဘာ
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်အဖြစ် Mask Campaign ပြုလုပ်ခြင်းကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီမှစတင်၍ မြို့ပေါ်ရှိလူသွားလူလာ များပြားသည့် နေရာများ၌ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို ကန်ပက်လက်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှဦးဆောင်ပြီး ဌာနဆိုင်ရာများနှင့် KRDO Volunteer တို့က ပူးပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး၊ ကန်ပက်လက်မြို့ပေါ်ရှိ လူအများဆုံး သွားလာသည့်နေရာများတွင် Mask များ အခမဲ့ပေးဝေခြင်း၊ Mask စနစ်တကျ တပ်နည်း ပြသပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်းများကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ကန်ပက်လက်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့အဝင်အထွက်ဂိတ်များ၌ ကျန်းမာရေးစစ်ဆေးခြင်း၊ မြို့တွင်း၌ လော်စပီကာဖြင့် လည့်လှည်ဆော်ဩခြင်း၊ မလိုအပ်ဘဲအပြင်မထွက်ရန်၊ မဖြစ်မနေထွက်ရမည်ဆိုပါက တစ်ဦးတည်း ထွက်ရန်နှင့် Maskတပ်ပြီးသွားလာရန် အသိပညာပေးခြင်း၊ ပြည်ပမှပြန်လာသူများနှင့် ပြည်တွင်းရှိ Positive တွေ့ရှိသည့်မြို့များမှလာရောက်သူများကို Facility Quarantine ထားရှိရန်အတွက် ပြင်ဆင်ထားခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုလိန်း(ပြန်/ဆက်)


