မန္တလေး ၁၂ စက်တင်ဘာ
မန္တလေးမြို့ရှိ မန်းမြန်မာပလာဇာမှာဖွင့်ထားတဲ့ အလှကုန်ပစ္စည်းရောင်းတဲ့ဆိုင်မှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရတဲ့လူနာတွေ တွေ့ရှိခဲ့တာကြောင့် ဈေးချိုတော်နဲ့ မန်းမြန်မာပလာဇာတို့ကို စက်တင်ဘာ ၁၃ ရက်နေ့ကစပြီး ယာယီပိတ်သွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
မန်းမြန်မာပလာဇာတွင် ကိုဗစ် positive လူနာတွေ့ရှိခြင်း၊ အလုံပိတ်စျေးဖြစ်သည့်အတွက် ကိုဗစ်ရောဂါ ကူးစက်မှု မပြန့်ပွားစေရန် ယခုလိုဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
"မန်းမြန်မာ ပလာဇာ စျေးချိုတော်ပလာဇာ စျေးချိုတော်ကို မနက်ဖြန်ကစပြီးပိတ်မှာပါ။ စျေးအကျိုးတော်ဆောင် စည်ပင် စျေးသူဈေးသားတွေပေါင်းပြီး ပစ္စည်းတွေရွှေ့ပြီး အိမ်မှာရောင်းလို့ရအောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ စားသောက်ကုန်နဲ့ ဆေးပစ္စည်းဆိုင်တွေကို အရင်လိုပဲ စျေးအနီးတဝိုက်မှာ ရောင်းချလို့ရအောင် ဆောင်ရွက်မှာပါ" ဟု မန္တလေးမြု့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
ဈေးချိုတော် ယာယီပိတ်မှာဖြစ်သည့်အတွက် ဈေးသူ၊ ဈေးသားများအား ပစ္စည်းများ သယ်ယူခွင့်ပေးထားကြောင်း သိရသည်။
မန်းမြန်မာပလာဇာ ပထမထပ်၌ အလှကုန်ပစ္စည်းများ ရောင်းချသူ အလှကုန် ကုမ္ပဏီဝန်ထမ်း အသက်(၃၀)ကျော်အရွယ် အမျိုးသမီး (Case-1974) တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါပိုးတွေ့လူနာ အမျိုးသမီး (Case-1974) နှင့် ထိတွေ့ဆက်စပ်သူ (၁၂၀)ကျော်ကို Hotel Quarantine (ဟိုတယ်၌ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း) ထားရှိပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ရာ အမျိုးသမီး ငါးဦးတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားကြောင်း သိရသည်။
မန္တလေးဈေးချိုတော်ကြီးတွင် ရုံတော်ကြီး ၈ ရုံ၊ ဆိုင်ခန်းပေါင်း ၃၀၀၀ ကျော်ရှိပြီး ဆက်လက်ရောင်းချခွင့်ပြုမည့် စားသောက်ကုန်များကို အချိန် ကန့်သတ်ချက်များဖြင့် ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မေသက်ထား


