ရန်ကုန်  ၁၂  စက်တင်ဘာ

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် မြန်မာ့မီးရထားအနေဖြင့် လမ်းပိုင်းအသီးသီး၌ ပြေးဆွဲပေးလျက်ရှိသော လူစီးရထားများအား စက်တင်ဘာလ ၁၂ ရက်နေ့မှစတင်ကာ လျှော့ချပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာမီးရထားထံမှ သိရသည်။

 

ယခုအခါ ခရီးသွားလာမှုကန့်သတ်ချက်များအရ ရထားဖြင့် ခရီးသည်စီးနင်းလိုက်ပါမှုများ လျော့နည်းလာ သည့်အတွက် အဓိကကျသည့် လမ်းပိုင်း ခြောက်ခုတွင် ရထားတစ်စီးစီ ဆက်လက်ပြေးဆွဲမည်ဖြစ်ပြီး ကျန်ရထားများကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့မီးရထား၏ ခရီးဝေးရထားများအနေဖြင့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမှတ် ၃ အဆန်နှင့် အမှတ် ၄ အစုန် လူစီးရထား၊ မန္တလေး - မြစ်ကြီးနားလမ်းပိုင်းတွင် အမှတ် ၄၁ အဆန်နှင့် အမှတ် ၄၂ အစုန် လူစီးရထား၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမှတ် ၆၃ အဆန်နှင့် အမှတ် ၆၄ အစုန် လူစီးပါဆယ်ရထား၊  နေပြည်တော်-ချောက်လမ်းပိုင်းတွင် အမှတ် ၁၀၁ အဆန်နှင့် ၁၀၂ အစုန် လူစီးရထား၊ ပုသိမ်-ကြံခင်းလမ်းပိုင်းတွင် အမှတ် ၁၈၅ အဆန်နှင့် ၁၈၆ အစုန် လူစီးရထားနှင့် မန္တလေး-လားရှိုးလမ်းပိုင်းတွင် အမှတ် ၁၃၁ အဆန်နှင့် ၁၃၂ အစုန် လူစီးရထား(နယ်စပ်မှ နေရပ်ပြန်များအတွက်) တို့ကို ပြေးဆွဲပေးမည်ဖြစ်ပြီး ရထားအချိန်စာရင်း အသေးစိတ်ကို သက်ဆိုင်ရာဘူတာများတွင် ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ ပြေးဆွဲလျက်ရှိသော အမြန်ရထားသုံးစီးအနက် အမှတ် ၈၁ အဆန် ရန်ကုန်- မော်လမြိုင်-ရေး အမြန်ရထားနှင့် အမှတ် ၈၃ အဆန် ရန်ကုန်-မော်လမြိုင်ရထားတို့အား စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ ယာယီရပ်နားထားပြီး အမှတ် ၈၉ အဆန် အမြန်ရထားကိုလည်း စက်တင်ဘာလ ၁၂ ရက်နေ့မှ စ၍ ယာယီရပ်နားထားကြောင်း သိရသည်။ ရေးနှင့် မော်လမြိုင်မှ ရန်ကုန်သို့ လာရောက်မည့် ရထားခရီးစဉ်များကိုလည်း ဖျက်သိမ်းထားကြောင်း သိရသည်။

 

ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှုအနေဖြင့် ယခင်က နေ့စဉ် ၅၄ စီးပြေးဆွဲပေးလျက်ရှိရာမှ စက်တင်ဘာ ၁၂ ရက်နေ့မှစတင်ကာ အစီးရေ ၃၀ သာ နေ့စဉ်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်-လှော်ကားလမ်းပိုင်း တွင် မနက် လေးခေါက်၊ ညနေ လေးခေါက် အစုန်အဆန်ပြေးဆွဲပေးခဲ့ရာမှ ယခုအခါ မနက် နှစ်ခေါက်၊ ညနေ နှစ်ခေါက်သာ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်-တိုးကြောင်ကလေး၊ ရွာသာကြီး လမ်းပိုင်းတွင် ယခင်က မနက် လေးခေါက်၊ ညနေ လေးခေါက် အစုန် အဆန်ပြေးဆွဲပေးခဲ့ရာမှ ယခုအခါ မနက် နှစ်ခေါက်၊ ညနေ နှစ်ခေါက်သာ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်-မင်္ဂလာဒုံလမ်းပိုင်းတွင် ယခင်က မနက် သုံးခေါက်၊ ညနေ သုံးခေါက် ပြေးဆွဲပေးလျက်ရှိရာမှ ယခုအခါ မနက် နှစ်ခေါက်၊ ညနေ နှစ်ခေါက်သာ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။ နေ့လယ်ပိုင်းတွင် ရန်ကုန်လက်ဝဲရစ်နှစ် လက်ယာရစ်ပတ်သည့် မြို့ပတ်ရထားလေးစီးလုံး ပုံမှန်အတိုင်းပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်-မန္တလေးလမ်းပိုင်းနှင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတို့တွင် ပြေးဆွဲလျက်ရှိသော ပါဆယ်ရထားများနှင့် ကုန်ရထားများကို ဆက်လက်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - မြန်မာ့မီရထား