မြစ်ကြီးနား ၁၂ စက်တင်ဘာ
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ရှိ ဆွမ်ပရာဘွမ်လမ်းမ အပါအဝင် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆွမ်ပရာလမ်းမကြီး အရှည် ၂၈၇၅၈ ပေ၊ အကျယ်ပေ ၆၀ လမ်း နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လမ်းလုပ်ငန်းအပိုင်းအလိုက် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လမ်းမျက်နှာပြင်ညီညာမှုရှိစေရေးကို အထူးဂရုစိုက် ဆောင်ရွက်ကြရေး၊ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရေးတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လမ်းတာဝန်ခံများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနား-မန်ခိန် ရပ်ကွက်ချင်းဆက်လမ်း မိခင်လမ်း အရှည်ပေ ၃၅၀၀ ကို ကတ္တရာလမ်းခင်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေနှင့် စီတာပူရပ်ကွက် ဆိမ်ဆာ့နယ်မြေအတွင်း ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ဆွတ်ဂျက်လမ်း (၁၉၅၀)ပေကို ကတ္တရာလမ်းအဖြစ် ခင်းကျင်းဆောင်ရွက် ပေးနိုင်ရေးတို့ကို စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
(ပြည်နယ် ပြန်/ဆက်)


