မန္တလေး ၁၂ စက်တင်ဘာ
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးမြို့ရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဘီယာဆိုင်များ အပါအဝင် ဆိုင်ထိုင်စားစနစ်ဖြင့် ရောင်းချသည့် ဈေးဆိုင်များအား စက်တင်ဘာ ၁၃ ရက်မှစတင်ကာ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
“ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေကို မနက်ဖန်ကစပြီး ဆိုင်ထိုင်စားစနစ်ပိတ်မယ်။ ပါဆယ်စနစ်ကို ပြောင်းမယ်။ ဟိုတယ်၊ တည်းခိုခန်းတွေလည်း ယာယီပိတ်မှာဖြစ်ပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ပြောသည်။
ပြီးခဲ့သည့် မတ်လတွင် ဟိုတယ်များ ယာယီပိတ်သိမ်းခဲ့ရပြီး မေလအတွင်းမှာ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှတ်ကြားချက်များအတိုင်း ဆောင်ရွက်ထားသည့် ဟိုတယ်များအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည့်။
ယခုအခါ မန္တလေးတိုင်းအတွင်း ပြည်တွင်းကူးစက်မှုများ ဖြစ်ပွားလာသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယာယီပြန်လည်ပိတ်ခြင်းဖြစ်ကြောင်း သိရသည်။
မေသက်ထား


