ချောက်  ၁၂  စက်တင်ဘာ


 
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ညောင်ဇင်ကျေးရွာ၌ ဆောင်ရွက်လျက်ရှိသည့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း  ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

 

အဆိုပါကျေးရွာတွင် ကျေးရွာပိုင် ဂါလံ ၅၀၀၀ ဆံ့ စင်မြင့်ရေစင်မှ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်းခြင်းကို ဩဂုတ်လတတိပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်က ပြောသည်။ 

 

ထိုသို့ အိမ်အရောက်ရေပိုက်လိုင်းသွယ်တန်းရာတွင် အရှည် ၁၇၃၃၀ ပေရှိပြီး မြစိမ်းရောင်စီမံကိန်း အတိုးရငွေ ၇ ဒသမ ၀၃၇ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပိုက်လိုင်းဒီဇိုင်းရေးဆွဲခြင်းနှင့် လိုအပ်သည့် နည်းပညာအကူအညီဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်