ကောလင်း ၁၂ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက်များအား ယမန်နေ့က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကောလင်းခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြင်စန်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးလှမြင့်နှင့် ဝန်ထမ်းများက ဝါးရုံခုံအုပ်စု၊ တောင်သူ ဦးမောင်မောင်၏ ဧရာမင်းမျိုးစေ့ထုတ် စိုက်ကွက်အတွင်း ပိုးမွားအန္တရာယ်ကင်းရှင်းစေနိုင်ရေး၊ ပေါင်းမြက်များကင်းရှင်းစေနိုင်ရေး၊ အပင်ပွားများ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကောလင်းခရိုင်အတွင်း (CERP)အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် အရည်အသွေးကောင်း စပါး(၂၇၀)ဧက၊ အထွက်ကောင်းမျိုးစပါး (၇၈၀)ဧက စုစုပေါင်း (၁၀၅၀)ဧက စိုက်ပျိုးထားရှိပြီး ကောလင်းမြို့နယ်မှာ အရည်အသွေးကောင်း မျိုးစပါး(၂၉၀)ဧကနှင့် အထွက်ကောင်းမျိုးစပါး (၁၆၀)ဧက စုစုပေါင်း (၄၅၀)ဧကအား အကောင်အထည်ဖော် ဆောင်ရွက်ထားရှိကြောင်း ကောလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးလှမြင့်က ပြောသည်။
မျိုးစေ့ထုတ်စိုက်ကွက် တောင်သူများအတွက် ထောက်ပံ့ကြေးများကို ဩဂုတ် ၃၁ ရက်က ပထမအရစ်ထုတ်ပေးပြီး မိုးစပါးစိုက်ကွက်များ အောင်မြင်ဖြစ်ထွန်းရေးအတွက် နည်းပညာပေးစင်တာအတွင်းရှိ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ မျိုးကွဲပယ်ခြင်း၊ ပေါင်းနုတ်ခြင်း၊ ပိုးမွှားရောဂါကျရောက်မှု မရှိစေရေး၊ မြေဩဇာများ အချိုးကျမှန်ကန်စွာ အသုံးပြုတတ်စေရေး၊ သဘာဝမြေဩဇာများ ကိုယ်တိုင်ပြုလုပ် သုံးစွဲတတ်စေရေးအတွက် နည်းပညာများကို ဖြန့်ဖြူးသင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


