နေပြည်တော်  ၁၂  စက်တင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီက သတင်းအရ ညောင်ရွှေမြို့နယ်၊ မိုင်းပျိုးကျေးရွာအုပ်စု၊ မိုင်းပျိုး(တောင်)ကျေးရွာအနီးရှိ ဘုရားကျိန်းကျောင်း စက်လှေဆိပ်တွင် နိုင်လင်း(ခ)ရွှေတိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ရေပူကျေးရွာအုပ်စု၊ လွယ်နွဲ့ကျေးရွာရှိ နိုင်လင်း(ခ)ရွှေတိုး၏ နေအိမ်သို့ သွားရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ နံနက် ၉ နာရီက နမ့်ပေါင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့နယ်၊ နမ့်ပေါင် ကျေးရွာအုပ်စု၊ နမ့်ပေါင်ကျေးရွာနေ မအေးငွေ၏နေအိမ်သို့ သွားရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၈၀၀ ကိုလည်းကောင်း။

 

ထို့အတူ စက်တင်ဘာ ၁၁ ရက် ညနေ ၆နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရွာငံမြို့နယ်၊ ယုံတောင်ကျေးရွာအနီး၊ ရွာငံ-ကျောက်ဆည် သွားကားလမ်းတွင် စိုင်းစိန်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၀,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)