နေပြည်တော်  ၁၂  စက်တင်ဘာ

 

စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က  ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည့်အပြင် တစ်ဦးချင်းအနေဖြင့်လည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မိမိဌာန၏ လုပ်ငန်းတာဝန်များအပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ လုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် လူဝင်/ထွက်မှုအား ကန့်သတ်တားဆီးမှုများရှိပြီး ကုန်ပစ္စည်း ပြတ်လပ်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်လာနိုင်ကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် အခြေခံ စားသောက်ကုန်များ၊ ဆေးဝါးနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ဖြစ်သင့်သည့် ဈေးထက် မြင့်တက်ရောင်းချမှုများကိုလည်း စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကြောင်း စစ်ဆေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း

 

mdn

 

ဝန်ကြီးဌာနအနေဖြင့် အရေးပေါ်ရိက္ခာ၊ ဆန်နှင့် ဆီဝယ်ယူသိုလှောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဌာန၏ လုပ်ငန်းတာဝန်များအပြင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရုံးချုပ်အနေဖြင့်လည်း လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း၊ ဆွေးနွေးပွဲများကို Online မှ ဆောင်ရွက်လျက်ရှိကြောင်း၊ Online မှ ညှိနှိုင်းဆောင်ရွက်မှု့များသည် ကိုဗစ်-၁၉ ကပေးသည့် New Normal အခြေအနေ ဖြစ်ပါကြောင်း၊ လုပ်ငန်းများကို New Normal အရ အရှိန်အဟုန်မပျက် ဆောင်ရွက်ရမည်ဖြစ်ကြောင်းမှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများ၊ စားသုံးသူ သက်သာချောင်ချိရေး လုပ်ငန်းများ၊ အရေးပေါ်ရိက္ခာဆန်နှင့် ဆီသိုလှောင်မှုများ၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးအဖွဲ့မှ ဆန်စပါး ဝယ်ယူသိုလှောင်မှုများ၊ ကုန်အညွှန်း အမှတ်အသားနှင့် ပတ်သက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပြည်တွင်းကုန်သွယ်မှုအတွက် ဆောင်ရွက် ရမည့်ကိစ္စရပ်များ၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့များ၊ ကဏ္ဍအလိုက်ဇုန်များ၊ အစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သည့် လုပ်ငန်းများ၊ ကိုဗစ်-၁၉ အလွန်တွင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည်။

 

ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက မိမိတို့တိုင်းဒေသကြီး/ပြည်နယ်များတွင် လုပ်ငန်းများဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က ပြန်လည်ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ထပ်မံဖြည့်စွက်ရှင်းလင်းပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်