ရန်ကုန်  ၁၂  စက်တင်ဘာ

 

မြန်မာ ဝိုင်အမ်စီအေနှင့် လားရှိုးဝိုင်အမ်စီအေတို့  ပူးပေါင်းလျှက် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း International  Organiziation for Migration (IOM) ၏ ပံ့ပိုးမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း၊ မျက်နှာကာ၊ လက်သန့်ဆေးရည်၊ လက်အိပ်၊ လက်ကမ်းစာစောင်နှင့် ပိုစတာများ ဝေငှသည့် လှုပ်ရှားမှုကို စက်တင်ဘာ ၈ ရက်က လားရှိုးမြို့ပေါ် နှင့် ဝင်ထွက်ပေါက်နေရာများ၌ ပြုလုပ်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လားရှိုး ဝိုင်အမ်စီအေ အတွင်းရေးမှူး ဒေါ်ဘောက်အောန် နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ စီမံကိန်းဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝန်များ၊ ရဲတပ်ဖွဲ့ဝန်များ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက ငွေကျပ်ဆယ်သိန်းကျော် တန်ဖိုးရှိသော နှာခေါင်းစည်းများ၊ မျက်နှာကာများ လက်သန့် ဆေးရည်များ၊ လက်အိတ်များ၊ လက်ကမ်းစာစောင်များ၊ ပိုစတာများကို ပြည်သူများကို ဝေငှကြသည်။

 

အလားတူ ဩစတြေးလျ ရံပုံငွေအဖွဲ့ (Australlan Aid) ၏ ပံ့ပိုးမှု့ဖြင့် မြန်မာဝိုင်အမ်စီအေနှင့် Habitat for Humantity Myanmar (HFHM) ပူးပေါင်းအကောင်အထည်ဖော်နေသော ဒလမြို့နယ် လူမှုအကျိုးပြု ဖွံ့ဖြိုးရေး စီမံကိန်း အစီအစဉ်မှ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးအတွက် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များ အသုံးပြုရေး ပညာပေးလှုပ်ရှားမှု အစီအစဉ်ကို စက်တင်ဘာ (၁၀) ရက်က ဒလမြို့နယ်၌ ကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် စီမံကိန်းဝန်ထမ်းများက ငွေကျပ် ဆယ်သိန်းကျော် တန်ဖိုးရှိသော နှာခေါင်းစည်းများနှင့် လက်သန့်ဆေးများဝေငှပြီး ဒေသခံ ပြည်သူများအား စနစ်တကျ အသုံးပြုနိုင်ရေး ပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။

 

ထို့ပြင် မြန်မာဝိုင်အမ်စီအေ ၊ ကွတ်ခိုင် ဝိုင်အမ်စီအေ ၊ မူဆယ် ဝိုင်အမ်စီအေ ပူးပေါင်းလျက် Norwegian Church Aid (NCA)- Dan Church Aid (DCA)  ရန်ပုံငွေပံ့ပိုးမှုဖြင့် အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမှတ်(၁၇) လူကုန်ကူးမှုတားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (မူဆယ်) က ကွတ်ခိုင်မြို့ဈေး အဝင်လမ်းထိပ်နှင့် မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ်အနီးတို့တွင် လူကုန်ကူးမှု အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကန့်သတ်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်