မကွေး  ၁၃    စက်တင်ဘာ    

 

ကိုရီးယားနိုင်ငံ The Organization of World Heritage Cities Asia and the Pacific/O whc-AP က ကြီးမှူးကျင်းပသည့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဓာတ်ပုံပြိုင်ပွဲကို သြဂုတ်လ ၃၁ ရက်က ကျင်းပရာ မြန်မာနိုင်ငံက ငွေတံဆိပ်ဆု အပါအဝင် ဆုရှစ်ဆု ရရှိခဲ့ကြောင်း အဆိုပါ ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ရရှိသူ ဇော်ဇော်ဝေ(ဆင်ဖြူကျွန်း)ထံမှ သိရသည်။

 

အဆိုပါ ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုကို ရန်ကုန်မြို့မှ ဇော်ဇော်ဝေ(ဆင်ဖြူကျွန်း)က (Bagan, Myanmar) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကြေးတံဆိပ်ဆု နှစ်ဆုကို ဦးထွန်းဝေက(Pyay,Myanmar) ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဌေးလွင်(အမရပူရ)က (Bagan, Myanmar) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရရှိခဲ့ကြပြီး၊ အထူးဆုများအဖြစ် စိုင်းသူမြင့်၊ ကျော်သူရ၊ အောင်ကျော်ဇော၊ ကျော်နိုင်လင်းနှင့် နေလင်း အောင်တို့က ရရှိခဲ့ကြကြောင်း သိရသည်။

 

ပြိုင်ပွဲဝင်တစ်ဦးလျှင် သုံးပုံနှုန်း တင်ခွင့်ရပြီး အီးမေးလ်မှတစ်ဆင့် ပေးပို့ယှဉ်ပြိုင်ကာ ဆုကြေးငွေ များအဖြစ် ရွှေတံဆိပ်ဆု အမေရိကန်ဒေါ်လာ ၂၀ဝ၀၊ ငွေတံဆိပ်ဆု အမေရိကန် ဒေါ်လာ ၁၅၀ဝ၊ ကြေးတံဆိပ်ဆု အမေရိကန်ဒေါ်လာ ၁၀ဝ၀၊ ထူးချွန်ဆု အမေရိကန် ဒေါ်လာ ၅၀ဝ နဲ့ အထူးဆုများကို အမေရိကန်ဒေါ်လာ ၁၀ဝ စီ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင်ဓာတ်ပုံများကို သြဂုတ်လ ၁၆ ရက် နောက်ဆုံးထားပေးပို့ခဲ့ရပြီး ဆုရရှိသူများစာရင်းကို  သြဂုတ်လ ၃၁ ရက်က(http;//owch-ap.co.Kr)Website မှာ ကြေညာပေးထားကြောင်းနှင့် ဆုရရှိ သူများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

သန်းနိုင်ဦး(ငဖဲ)