မြဝတီ ၁၃ စက်တင်ဘာ
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်-၂ မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို မြဝတီမြို့ရှိ အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုရေး စခန်းအသီးသီးတွင် ထားရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရေး စခန်းများအနက် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက မဲကနယ်အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရေး စခန်းတွင် UN World Food Programme မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးပစ္စည်းများ လာရောက် လှူဒါန်းခဲ့သည်။
UN World Food Programme မှ Program Associate L Ja Lum က PPE ကာကွယ်ရေးဝတ်စုံများ၊ ရာဘာလက်အိတ်များ၊ နှာခေါင်းစည်းများ၊ PPE ကာကွယ်ရေးမျက်မှန်များ၊ ကာကွယ်ရေးဖိနပ်များ၊ လက်သန့်ဆေးရည်ဘူးများ၊ လက်ဆေးဆပ်ပြာရည်နှင့် အပူချိန်တိုင်းကိရိယာများကို မဲကနယ် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရေး စခန်းတာဝန်ခံ ဦးသိုင်းထွန်းဇော်မှ လက်ခံရယူပေးခဲ့ ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်


