ဟားခါး ၁၃ စက်တင်ဘာ
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာတွင် စက်တင်ဘာ ၁၁ ရက်နေ့ ည ၉ နာရီ အချိန်ခန့်က အိမ်ရှင် ဦးလျန်ဟရမ်၏ နေအိမ် သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ် မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အိမ်ငှား ဦးဟွပ်သူး သေဆုံးမှုဖြစ်ပွားခဲ့ခြင်းကြောင့် စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီခွဲက ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်ဥပဒေချုပ် ဦးဆန်နီ ထန်ကျုံး၊ ဟားခါးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့်အတူ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ၄င်းကျေးရွာသို့ သွားရောက်၍ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ အိမ်ငှား ဦးဟွပ်သူး သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုဝင်များအတွက် ထောက်ပံ့ငွေကျပ်(၃)သိန်း၊ အိမ်ရှင် ဦးလျန်ဟရမ်အား ထောက်ပံ့ငွေကျပ် (၃)သိန်း၊ ပြည်နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနမှ ကျန်ရစ်သူ မိသားစုဝင်များအတွက် ထောက်ပံ့ငွေကျပ် (၃)သိန်း၊ နေအိမ်မီးလောင်ဆုံးရှုံးသည့် အိမ်ရှင်အား ထောက်ပံ့ငွေကျပ် (၂)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


