ဝန်းသို ၁၃  စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့တွင် ယနေ့နံနက် ၈ နာရီခန့်မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်တွင်းမြောင်း ရေကျော်မှုဖြစ်ပွားခဲ့ပြီး  မြနန္ဒာရပ်၊ မြကန္တာရပ်နှင့် ရွာသစ်ကုန်းရပ်ရှိ လူနေအိမ်များအတွင်းသို့ တစ်ပေခွဲခန့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည်။

 

အဆိုပါ ရေဝင်ရောက်မှု ဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များက သွားရောက်၍ လိုအပ်သည့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

 

ထို့အပြင် ဝန်းသို-ကောလင်းလမ်းပိုင်း မင်းကုန်းရွာနှင့် သင်တော​​(၂) ကျေးရွာအနီးတို့တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကားလမ်းရေကျော်မှုဖြစ်ပွားခဲ့ပြီး အများပြည်သူများသွားလာရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် တာဝန်ရှိသူများက သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်မြိုင်(ပြန် /ဆက်)