ပူတာအို ၁၃ စက်တင်ဘာ

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြည်သူ့စာကြည့်တိုက်တွင် Covid-19 ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကလေးများအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်းများနှင့် အထွေထွေဗဟုသုတရရှိစေမည့် အစီအစဉ်များကိုရိုက်ကူးကာ အသိပညာပေးအစီအစဉ်များကို အွန်လိုင်းမှတစ်ဆင့် လွှင့်တင်ပေးလျက်ရှိရာ စက်တင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီက ပုံပြင်ပြောခြင်းအစီအစဉ် လွှင့်တင်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ Covid-19 ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ရိုက်ကူးမှုအစီအစဉ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရိုက်ကူးမှုအစီအစဉ်တွင် မချန်းဇမီဆန်းက တအော စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသည့် "မိတ်ဆွေငါးဦး" ပုံပြင်ကိုလည်းကောင်း၊ မအေးမြတ်နွယ်က လောင်ဖူးရီနာဂ စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသည့် "နာခံတတ်သောချိုး" ပုံပြင်ကိုလည်းကောင်း၊ မမူမူချာက တအော စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသည့် "ခိုတစ်သိုက်" ပုံပြင်ကိုလည်းကောင်း၊ မနားချယ်ဒွေ့က ခေါင်တူး စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသည့် "သူစိမ်းဆိုရင်သတိထား" ပုံပြင်ကိုလည်းကောင်း အသီးသီးရိုက်ကူးခဲ့ကြသည်။

 

အဆိုပါရိုက်ကူးမှု အစီအစဉ်များကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ Covid-19 ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ယင်းရိုက်ကူးထားသည့် ဗီဒီယိုများကို ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့်      "ပူတာအိုခရိုင် ပြည်သူ့စာကြည့်တိုက်" Pages တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖုန်ကန်(ပူတာအို)