ရန်ကုန် ၁၃ စက်တင်ဘာ
စက်တင်ဘာ ၁၂ ရက်တွင် ကျရောက်သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ သွေးလှူဒါန်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို တိုင်းဒေသကြီး/ပြည်နယ်များရှိ ကြက်ခြေနီအသင်းခွဲရုံးများတွင် ပြုလုပ်ကြသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် ထံမှ ပေးပို့သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ သဝဏ်လွှာကို မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌက ဖတ်ကြားသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြင့်သည်။
ထို့အတူ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင်များသည် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ် ပြည်သူ့ဆေးရုံတွင် သွေးလှူဒါန်းခဲ့ကြသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီက ဦးဆောင်ပြီး ကြက်ခြေနီစေတနာလုပ်အားရှင်များမှ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သွေးလှူဒါန်းခြင်းကို စက်တင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာနတွင် ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားများသည်လည်း ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ကို ဂုဏ်ပြုသောအားဖြင့် ကညင်မြိုင်ကျေးရွာအတွင်း သန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
ထို့အတူ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ လိုက်နာရန်အချက်များအား အသိပေးနှိုးဆော်ခြင်းများကို ဒေသအသီးသီးတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ကို နှစ်စဉ် စက်တင်ဘာလ၏ ဒုတိယပတ် စနေနေ့တွင် ပြုလုပ်လေ့ရှိရာ ယခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ ဆောင်ပုဒ်မှာ “ရှေးဦးပြုစု အလေ့အကျင့်များ ကပ်ရောဂါအလိုက်ပြင်ဆင်သွား” ဖြစ်ကြောင်း သိရသည်။
ဝင်းအောင်(MRCS)


