စဉ့်ကိုင် ၁၃ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ရွာဟောင်းကုန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင် အိမ်တွင်းမှု ယိုစုံလုပ်ငန်းဖြင့် ပုံမှန်ဝင်ငွေရရှိစေရန် ဖော်ဆောင်လျက်ရာ ရောင်းအားကောင်းသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရွာဟောင်းကုန်းကျေးရွာနှင့် အနီးတစ်ဝိုက်ကျေးရွာများတွင် သရက်ပင်၊ သင်္ဘောပင်၊ ရှောက်ပင်၊ သံပုရာပင်နှင့် အခြားသီးနှံများကို ဥယျာဉ်ခြံများဖြင့် စီးပွားဖြစ်စိုက်ပျိုးမှုများပြီး ခြံများကိုအခြေပြုကာ သရက်ပြင်၊ သရက်ယို၊ ရှောက်ယို၊ သင်္ဘောယို၊ သရက်ချဉ်၊ ခရမ်းချဉ်သီးယို၊ သရက်သီးစားဖက်ခြောက်၊ သရက်သီးခြောက်၊၊ သံပုရာချဉ်၊ ဂွေးသီးယို၊ သီးသီးယို၊ သင်္ဘောသီးယိုများကို ကိုယ်တိုင်ပြုလုပ်ရောင်းချကြသည်။   

သရက်သီးမှအစ အခြားသစ်သီးများကို လေလွင့်မှုမရှိစေရန်အတွက် ယိုစုံနှင့်တစ်ကွ တာရှည်ခံစားစရာများအဖြစ် ဖန်တီးကာ ဈေးကွက်အတွင်း ဖြန့်ချီရောင်းချကြသည်။ သရက်သီးပေါ်ချိန်တွင် သရက်သီးမှည့်များ လေလွင့်မရှိစေရန် သရက်ပြင်ပြုလုပ်သကဲ့သို့ပင် ကြွေကျသော သရက်သီးအစိမ်းများကို အရွယ်အစားအလိုက် သရက်သီးခြောက် ပြုလုပ်ခြင်း သရက်သီးဓါးပေါက်ပြုလုပ်ခြင်းများဖြင့် တာရှည်ခံအောင်ပြုလုပ်ပြီး သရက်သီးရာသီကုန်ချိန်တွင် ဈေးကွက်အတွင်း ဖြန့်ချီရောင်းချလေ့ရှိသည်။ အခြားသီးနှံများကိုလည်း လေလွင့်မှုမရှိစေရန် ယိုစုံပြုလုပ်ခြင်း တာရှည်ခံ အစားအစာအဖြစ်ပြုလုပ်ခြင်းများ ပြုလုပ်ကာ ရောင်းချကြသည်။

လက်ရှိကာလတွင် သရက်ပြင်တစ်ပိဿာ ငွေကျပ်ခြောက်ထောင်ကျပ်၊ သရက်ယိုနှင့် သစ်သီးစုံယို မျိုးစုံတစ်ပိဿာ ငွေကျပ် ၆၀၀၀ ဖြင့် ရောင်းချသည်။ သံပုရာချဉ်ဆီစိမ်ဘူးငယ် တစ်ဘူးလျှင် ငွေကျပ်တစ်ထောင်နှုန်းဖြင့် ရောင်းချကြသည်။ ဘူးများဖြင့် ထည့်သွင်းရောင်းချရာတွင် ငွေကျပ်တစ်ထောင်တန်အဖြစ် ပြုလုပ်ရောင်းချပြီး အများစုယူသူများကိုမူ အချိန်ဖြင့်ရောင်းချကြသည်။

သရက်ယို၊ သင်္ဘောယို၊ ဂွေးသီးယိုများ ပြုလုပ်ပုံမှာ အခြေခံအားဖြင့် တူညီကြသည်။ သစ်သီးယိုဖြစ်ပြီဆိုသည်နှင့် အအေးခံကာ   ဘူးများအတွင်းထည့်ကာ ရောင်းချကြသည်။ သရက်သီးမှာ တစ်နှစ်လျှင် တစ်ရာသီသာပေါ်သည့်အတွက် သရက်ရာသီတွင် သရက်ယို ပိဿာ ၂၀၀၀ ခန့်အထိ ယိုထိုးကာ လှောင်းထားရသည်။ အခြားသီးနှံများကိုမူ ဈေးကွက်ချိန်ဆကာ အနည်းဆုံး ယိုစုံပိဿာ ၂၀၀ ခန့် အကြိမ်ကြိမ်ယိုထိုးကြသည်။ လက်ရှိကာလတွင် ယိုမျိုးစုံဈေးကွက်ကောင်းသည့်အတွက် သစ်သီးယိုမျိုးစုံ ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

တိမ်တမန်