ကျွန်းစု ၁၄ စက်တင်ဘာ

 

မြိတ်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနက ကျွန်းစုမြို့နယ်အတွင်းရှိ မသန်စွမ်းသူ ၄၉၀ အတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relife Plan (CERP) အရ နိုင်ငံတော်က ထောက်ပံ့ပေးသော ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ လွှဲပြောင်းပေးအပ်ခြင်း အစီအစဉ်ကို ယမန်နေ့ နေ့လယ် ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

“မသန်စွမ်းသူများ သတ်မှတ်ရာတွင် အမြင်အာရုံ မသန်စွမ်းသူ၊ အကြားအာရုံ မသန်စွမ်းသူ၊ ကိုယ်အင်္ဂါ မသန်စွမ်းသူ၊ ဉာဏ်ရည်မမီသူဆိုပြီး အမျိုးအစား(၄)မျိုး သတ်မှတ်ထားတဲ့အနက် အကျိုးဝင်တဲ့ စည်းကမ်းချက်နဲ့ ညီညွတ်တဲ့ မသန်စွမ်းသူတွေကို တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်မှာရှိတဲ့ မသန်စွမ်းဦးရေ စုစုပေါင်း ၄၉၀ အတွက် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းသည် ကိုဗစ်-၁၉ ကာလမှာ တစ်ကြိမ်တည်း ထောက်ပံ့တဲ့ငွေ ဖြစ်ပါတယ်။ နိုင်ငံတော်က ထောက်ပံ့တဲ့ငွေတွေကို ကျွန်မတို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဆိုပြီးတော့ ဦးစီးဌာန(၃)ခုရှိတဲ့အနက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဘတ်ဂျက်ရန်ပုံငွေနဲ့ ထောက်ပံ့ငွေကို ပေးအပ်ခြင်းဖြစ်သော်လည်း ကျွန်မတို့ လူမှုဝန်ထမ်းဦးစီးဌာနက ကိုယ်စားတာဝန်ယူပြီးတော့ ကျွန်းစုမြို့နယ်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပူးပေါင်းပြီးဆောင်ရွက်တဲ့ အစီအစဉ်ဖြစ်ပါတယ်” ဟု မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ပြောသည်။

 

ထို့နောက် မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက မသန်စွမ်းသူ(၄၉၀)ဦးအတွက် ထောက်ပံ့ငွေကျပ်စုစုပေါင်း(၁၄၇)သိန်းအား ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။  ရပ်ကွက်/ကျေးရွာအတွင်းရှိ မသန်စွမ်းသူများအား ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အိမ်တိုင်ရာအရောက် လိုက်လံထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းပေးပို့သူ - မင်းကျော်စော (ပြန်/ဆက်)