မူဆယ် ၁၄ စက်တင်ဘာ
တရုတ်-မြန်မာနယ်စပ် မူဆယ်ဘက်သို့ ခရီးသည်ယာဉ် မှန်လုံယာဉ်များ ခရီးသည်မပါ ကုန်ပစ္စည်းများဖြင့်သာ ပြေးဆွဲနေကြောင်း သိရသည်။
လတ်တလော COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ခရီးသည်တင်ယာဉ်လိုင်းတွေကို ပြီးခဲ့တဲ့စက်တင်ဘာလ ဒုတိယပတ်က ရန်ကုန်မန္တလေး အဝေးပြေးယာဉ်လိုင်းဂိတ်များ စတင် ပိတ်ထားကြောင်း သိရသည်။
အဆိုပါ ဂိတ်များ ပိတ်ထားသော်လည်း မူဆယ်ဘက်သို့ နေ့စဉ်လိုလို ခရီးသည်တင်ယာဉ်လိုင်းပေါင်းစုံမှ ခရီးသည်မပါ ကုန်စ္စည်းအပြည့်ဖြင့် ပြေးဆွဲနေခြင်းဖြစ်ပြီး ယခင်က ကိုဗစ်ရောဂါ မဖြစ်ပွားခင် မန္တလေး မူဆယ်ဘက်သို့ လိုင်းပေါင်းစုံမှ မှန်လုံယာဉ်ခရီးသည်တင်ကားများ အနေဖြင့်တစ်ရက်လျင် အတက်အဆင်း အစီးရေ ၈၀ ထက်မနည်း ပြေးဆွဲနေကြခြင်းဖြစ်ပြီး ကိုဗစ်ရောဂါဖြစ်ပွားသည့် နောက်ပိုင်း မှန်လုံခရီးတင်ယာဉ် အနည်းငယ်မျှလျော့နည်းသွားခဲ့သည်။
ယခု စက်တင်ဘာ ၁၀ ရက်နောက်ပိုင်း မြန်မာပြည်နယ်ပယ်အသီးသီးမှ ခရီးသည်တင် အဝေးပြေးလိုင်းများ ပိတ်ထားကြောင်း သိရပြီး စက်တင်ဘာ ၁၁ ရက်နေ့တွင် မန္တလေး ဘက်မှ မူဆယ်ဘက်သို့ ခရီးသည်မပါ ကုန်ပစ္စည်းများဖြင့် မှန်လုံယာဉ်အစီးရေ အစီး ၄၀ ကျော် အစီး ၅၀ ဝန်းကျင်ခန့်၊ မူဆယ်ဘက်မှ မန္တလေးဘက်သို့ ခရီးသည်မပါ ကုန်ပစ္စည်းများဖြင့် မှန်လုံယာဉ် အစီး ၃၀ ကျော်အစီး ၄၀ ဝန်းကျင်ခန့်အတက်အဆင်းရှိကြောင်း ၁၀၅ မိုင် OHC တိုးဂိတ်၏ စာရင်းဇယားများအရ သိရသည်။
“ကျွန်တော်တို့က သူများတွေ ပြေးဆွဲနေတာဖြစ်လို့ ကျွန်တော်တို့ ဂိတ်လည်းပြေးဆွဲနေတာဖြစ်ပါတယ် ခရီးသည်မပါ၊ ကုန်ပစ္စည်းနဲ့ တက်လို့ရတယ်ပြောလို့ပါ မူဆယ်ဘက်ကိုတော့ မတက်ဖြစ်တာကြာပါပြီ ဒီဂိတ်တွေကိုပိတ်တာနဲ့ပတ်သက်ပြီး ဘယ်သူတွေ ပြောတာလည်းဆိုတာတော့ ကျနော်လည်းတိတိ ကျ ကျ မသိပါဘူး အခုတင်လာတာကတော့ ကုန်ပစ္စည်း၊ အမျိုးမျိုးဖြစ်ပါတယ်” ဟု ရတနာစိုးအဝေးပြေးဂိတ်မှ ယာဉ်မောင်း အာကာဖြိုး က ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အဝေးပြေးယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးထံ ဖုန်းအဆက်အသွယ်လုပ်ပြီး မေးမြန်ခဲ့ရာ လောလောဆယ် ရန်ကုန် မန္တလေး အဝေးပြေးယာဉ်လိုင်းတွေ ပိတ် ထားတယ်ကြောင်းသိရသည်။ ဒါပေမယ့် ကုန်ပစ္စည်း၊ မပြတ်တောက်စေရေးအတွက် ကုန်တင်ကားများကို မတားဆီးဘဲ ခရီးသည်မပါ ကုန်ပစ္စည်းများဖြင့် ပြေးဆွဲခွင့်ပြုထားကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
သန့်ဇင်( မူဆယ်)


