စစ်တွေ  ၁၄  စက်တင်ဘာ

 

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာများအား သက်ဆိုင်ရာ မြို့နယ်များအလိုက် ပြည်သူ့ဆေးရုံးများတွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများအထဲမှ ၂၉၇ ဦးမှာ ရောဂါပိုး မတွေ့ရှိရသဖြင့်  ဆေးရုံကဆင့်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

 

စစ်တွေမြို့ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအနက် ၁၇၁ ဦး၊ ပေါက်တောဆေးရုံမှ ၂၀ ၊ ပုဏ္ဏားကျွန်းဆေးရုံမှ တစ်ဦး၊ မြောက်ဦးဆေးရုံမှ ၇ ဦး၊ ကျောက်တော်ဆေးရုံမှ ၇ ဦး၊ မင်းပြားဆေးရုံမှ ငါးဦး၊ မြေပုံဆေးရုံမှ ၇ ဦး၊ မောင်တောဆေးရုံမှ ၁၉ ဦး၊ ဘူးသီးတောင်ဆေးရုံမှ ခြောက်ဦး၊ ကျောက်ဖြူဆေးရုံမှ ၄၀ ဦး၊ မာန်အောင်ဆေးရုံမှ တစ်ဦး၊ အမ်းဆေးရုံမှ နှစ်ဦး၊ သံတွဲဆေးရုံမှ ၈ ဦး၊ တောင်ကုတ်ဆေးရုံမှ နှစ်ဦးနှင့် ဂွဆေးရုံမှ တစ်ဦးတို့မှ ဆေးရုံမှ ဆင်းခွင့်ရရှိကြပြီဖြစ်ကြောင်း သိရသည်။

 

စစ်တွေမြို့ခုတင် ၅၀၀ ဆံ့ဆေးရုံကြီးတွင် ဆေးရုံဆင်းခွင့်ရသူများကို ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ကိုဗစ်-၁၉ ရောဂါပျောက်ကင်းသွားသူများအတွက် ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး သမားတော်ကြီး ဒေါက်တာယဉ်မိုးခိုင်က ဆေးရုံဆင်းလူနာများအား လိုက်နာရန် အချက်များကိုမှာကြားသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသွားသူများအား ရောဂါ ပျောက်ကင်းကြောင်းလက်မှတ်နှင့် ဂုဏ်ပြုပန်းများပေးအပ်ကြပြီး ဆေးရုံတက်ရောက်နေသော ကိုဗစ်-၁၉ လူနာများကျန်းမာစေရန် ဆုတောင်းခြင်းများ ပြုလုပ်ပေးကြကြောင်းသိရသည်။ ဆေးရုံဆင်းခွင့် ရလူနာများသည် မိမိတို့အိမ်တွင် Home Quarantine အဖြစ်နှစ်ပတ်ကြာနေထိုင်ရမည်ဖြစ်ပြီး စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်ကပြောသည်။

 

ရခိုင်ပြည်နယ်တွင် သြဂုတ် ၁၆ ရက်နေ့ကစ၍ ယနေ့ စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်း အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၉၉ ဦး ရှိကြောင်းနှင့် ဆေးရုံဆင်းခွင့်ရသူ ၂၉၇ ဦးရှိကာ ဂွမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့တွင် အတည်ပြုလူနာ မရှိကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)