မိတ္ထီလာ  ၁၄  စက်တင်ဘာ

             

မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ တွေ့ရှိလာပြီးနောက် ခရီးသည်ယာဉ်လိုင်းများ ပြေးဆွဲခြင်းမှ ယာယီရပ်နားထားသော်လည်း မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရန် ကုန်တင်ယာဉ်များကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုလျက်ရှိကြောင်း   သိရသည်။

           

မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ တွေ့ရှိလာပြီးနောက် စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်၍ ခရီးသည်ယာဉ်လိုင်းများ ပြေးဆွဲခြင်းမှ ယာယီရပ်နားထားသော်လည်း ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရန် ကုန်တင်ယာဉ်များကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုပေးလျက်ရှိသည်။ ယင်းသို့ ကုန်တင်ယာဉ်များကို ခွင့်ပြုပေးသော်လည်း ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များမှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များမှ အပ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝင်ရောက်လာသော ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကို ယာဉ် ဝင်/ထွက် စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပြီးမှသာ ခွင့်ပြုပေးလျက်ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များမှ ဝင်ရောက်လာသော ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များဖြင့် ကုန်ပစ္စည်း တင်ဆောင်ပြီး မောင်းနှင်လာသော  ယာဉ်မောင်းများ ၊ ယာဉ်နောက်လိုက်များကို  မန္တလေးတိုင်းဒေသကြီး အတွင်းမှ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များဖြင့် လဲလှယ်မောင်းနှင်ရန်နှင့် မိတ္ထီလာမြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် ကုန်တင်ယာဉ်များ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရန် အမြန်လမ်းသီးကုန်း စစ်ဆေးဂိတ် တွင် စက်တင်ဘာ ၁၃ ရက်နေ့မှ စတင်၍ အဖွဲ့ (၉)ဖွဲ့ဖြင့် (၂၄)နာရီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဉီးခင်မောင်မြင့်ထံမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)