ငဖဲ ၁၄ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ မင်းလွင်ကျေးရွာတွင် ကျေးလက်နေပြည်သူများ လျှပ်စစ်မီးသုံးစွဲနိုင်စေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေများနှင့် ပြည်သူထည့်၀င်ငွေများဖြင့် ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၆၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မင်းလွင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ်က စတင်အကောင် အထည်ဖော်ခဲ့ပြီး ယင်းစီမံကိန်းမှရရှိလာသော အတိုးရငွေများအနက် ၅၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၇ ဒသမ ၅ သန်း၊ ပြည်သူများမှ ထည့်ဝင်ငွေကျပ် ၂ ဒသမ ၇၄ သန်း စုစုပေါင်းရန်ပုံငွေ ၁၀ ဒသမ ၂၄ သန်းဖြင့် အရှည်ပေ ၄၂၀၀ ပေရှိ ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ၆၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ငဖဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင် က ပြောပြသည်။
အဆိုပါ ကျေးရွာတွင် ၄၀၀ ဗို့အားလိုင်း ကျေးရွာတွင်း လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ယင်းကျေးရွာရှိ အိမ်ခြေ ၈၂ အိမ်၊ လူဦးရေ ၃၈၆ ဦးတို့၏ လူနေမှု အဆင့်အတန်းများ တိုးတက်ပြောင်းလဲသွားမည်ဖြစ်ပါကြောင်း ၄င်းက ပြောပြ၍ သိရသည်။
သူရိန်(မင်းဘူး)


