ကာမိုင်း ၁၄ စက်တင်ဘာ

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ လက်လုပ်လက်စားသမားများအနေဖြင့် တစ်ပိုင်တစ်နိုင် ‘ဝဥတူးဖော်ရောင်းချ လုပ်ကိုင်ဆောင်ရွက်ခြင်းမှ မိသားစုအတွက် အပိုဝင်ငွေများ ရရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့်ကာလ၌ လက်လုပ်လက်စားသမားများ အနေဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေရရှိရေးအတွက် ရုန်းကန်နေရ၍ အပိုဝင်ငွေများရရှိအောင် တောတောင်ထဲတွင် သဘာ၀ပေါက်ရောက်နေသော ‘ဝဥများကို တူးဖော်ရောင်းချရာမှ မိသားစုဝင်ငွေနေ့စဉ်ရရှိရေးတွက် ဆောင်ရွက်နေခြင်းကို ဒေသခံပြည်သူတစ်ဦးဖြစ်သည့်  မယော်မျော်က “တောထဲမှာဥသွားရှာတယ် သွားရှာတာတစ်ညအိပ်ဆိုရင် ငါးပိဿာရပါတယ် တစ်ခါဆို ရှစ်ပိဿာထိရပါတယ် နောက်တစ်ည ထပ်ရှာရင်တော့ ကိုးပိဿာ၊ ဆယ်ပိဿာထိရပါတယ် ရလာတဲ့ဥတွေကို ကာမိုင်းဒိုင်မှာလာသွင်းပါတယ် ဒိုင်ကတော့ တစ်ပိဿာကို ထောင့်နှစ်ရာနဲ့ယူပေးပါတယ်၊ အဲ့ဒီလိုနဲ့ပဲကျွန်မတို့မိသားစု စားဝတ်နေရေးအတွက် လုပ်ကိုင်နေရပါတယ်ဟု ပြောသည်။

 

အဆိုပါ ‘ဝဥများကို လက်လုပ်လက်စားသမားများက ရှာဖွေခဲ့ရာ ကာမိုင်းဒိုင်မှဝယ်ယူ၍ ၎င်းဥများကို ရေနှင့်ဆေးကြောကာ ဓားဖြင့်ခုတ်ထွင် အခြောက်လှမ်းပြီး ထိုမှတစ်ဆင့် မြစ်ကြီးနား ကုန်စည်ဒိုင်သို့ ပြန်လည်တင်သွင်းခဲ့ကြောင်း သိရသည်။

 

ဇွဲသူရအောင်(ပြန်/ဆက်)