မြဝတီ  ၁၄  စက်တင်ဘာ

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေမြဝတီအသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ သည့်လူနာတစ်ဦး တွေ့ရှိခဲ့ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံမှ သိရသည်။

 

အဆိုပါအတည်ပြုလူနာသစ်သည် မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်၊ ခွန်ဆာဝင်း၌ နေထိုင်သူ အသက်(၂)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်း၏မိခင်နှင့်အစ်မဖြစ်သူတို့နှင့်အတူ ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက် နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂)BCF ZONE မှတစ်ဆင့် ပြန်လည်ဝင် ရောက်လာခဲ့ပြီး ရွှေမြဝတီအသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်မှုခံထားရသူဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ကန့်သတ်စောင့်ကြည့်စဉ်ကာလအတွင်း စက်တင်ဘာ ၁၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် Swab ရယူစစ်ဆေးခဲ့ရာ အဆိုပါ ၂ နှစ်အရွယ်ကလေး အမျိုးသားတွင် ပိုးတွေ့ရှိခဲ့ပြီး အမေနှင့်အစ်မတွင် ပိုးမတွေ့ရှိရကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

 

အဆိုပါ အတည်ပြုလူနာနှင့် ၎င်း၏မိခင်ဖြစ်သူတို့အား ဘားအံ-ပြည်သူ့ဆေးရုံကြီးတွင် လည်းကောင်း၊ ၎င်း၏ အမဖြစ်သူအား မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင်လည်းကောင်း ဆေးကုသမှု ခံယူနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး လူနာနှင့် ထိတွေ့မိသူများကို ကျန်းမာရေး စစ်ဆေးနိုင်ရေးနှင့် Guest House Quarantine ထားရှိနိုင်ရေးတို့ကို တာဝန်ရှိ သူများက စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံမှ သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)

 

mdn