ရန်ကုန် ၁၄ စက်တင်ဘာ
အောင်မြင်မှုစီမံကိန်းအနေဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေဆဲ ကာလအတွင်း အဝတ်နှာခေါင်းစည်း နှစ်သန်းခန့်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း အောင်မြင်မှုစီမံကိန်း ထုတ်ပြန်ချက်များအရ သိရသည်။
ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း အောင်မြင်မှုစီမံကိန်းအနေဖြင့် ဧပြီလမှစတင်ကာ အထည်ချုပ်စက်ရုံ ၁၄ ရုံနှင့်ပူးပေါင်း၍ အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စင်တာ(CDC) ၏ လမ်းညွှန်မှုနှင့်အညီ အဝတ်နှာခေါင်းစည်းများကို ချုပ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထည်ချုပ်စက်ရုံများအတွက် အမှာအော်ဒါများ မှာယူခြင်းဖြင့် အထည်ချုပ်စက်ရုံများနှင့် လုပ်သား ၅၀၀ ကျော်များကို အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေခဲ့သည်။ ထို့ပြင် အဝတ်နှာခေါင်းစည်း နှစ်သန်းခန့်ကိုလည်း အထည်ချုပ်လုပ်သားများနှင့် ပြည်သူလူထုသို့ ဖြန့်ဝေပေးနိုင်ခဲ့ပြီး နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် အဝတ်နှာခေါင်းစည်းများကိုလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးနိုင်ခဲ့သည်။
အောင်မြင်မှု စီမံကိန်း၏ Program Director ဖြစ်သူ မစ္စ Sue Tym က “အစိုးရရဲ့ကျန်းမာရေး လမ်းညွှန်မှုနှင့်အတူ လိုက်နာဖို့ အတွက်က အလုပ်ရှင် နှင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူတွေကြား ခက်ခဲရုန်းကန်နေရတဲ့ အချိန်အခါမှာ အောင်မြင်မှုစီမံကိန်းအနေနဲ့ ပါဝင်ကူညီ ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
အောင်မြင်မှုစီမံကိန်းကို အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT) မှ ဘဏ္ဍာငွေများ ထောက်ပံ့လျက်ရှိပြီး Legal Clinic Myanmar နှင့် Business Kind Myanmar တို့၏ အကူအညီဖြင့် Care International in Myanmar မှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွက်)


