လားရှိုး ၁၄ စက်တင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ မီးရထားဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် အမျိုးသား (၉)ဦး၊ အမျိုးသမီး (၃)ဦး စုစုပေါင်း (၁၂ )ဦးတို့ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူ (၁၂)ဦးတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ (၁)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၄)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၃)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၂)ဦး၊ ရခိုင် ပြည်နယ်မှ (၁)ဦးတို့ ဖြစ်သည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိသည်။
လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားဖြင့် မေ ၆ ရက်မှစတင်၍ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့အထိ နေရပ်ပြန်ပြည်သူ အမျိုးသား (၉၈၅၅)ဦး ၊ အမျိုးသမီး (၆၂၃၇)ဦး စုစုပေါင်း (၁၆၀၉၂)ဦးတို့အား လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး(ပြည်နယ်ပြန်/ဆက်)


