မန္တလေး ၁၄ စက်တင်ဘာ
အောင်မြေသာစံမြို့နယ် သီရိမာလာအနောက်ရပ်ကွက်တွင် စက်တင်ဘာ ၁၃ ရက်က မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးဘေးသင့် အိမ်ထောင်စုဝင်များအား အသုံးအဆောင်ပစ္စည်းများနှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက မီးဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသော ရန်ပြေသက်ရှည်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မီးဘေးသင့်အိမ်ထောင်စု (၃)စု မိသားစုဝင် (၂၀)ဦးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီဌာနမှ တာဝန်ရှိသူများက အိမ်ထောင်စု တစ်စုလျှင် အသုံးအဆောင်ပစ္စည်း (၁၇)မျိုးနှင့် ဆန်ရိက္ခာအတွက် လူတစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် လူဦးရေ(၂၀)ဦးစာအတွက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ မွန်းလွဲ ၃ နာရီတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဦးကျော်ဇေယျနှင့် ဦးခိုင်မြင့်၊ အောင်မြေသာစံမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ဖြိုးနှင့် ဝန်ထမ်းများကလည်း မီးဘေးသင့် အိမ်ထောင်စု(၃)စုအတွက် ဆန်(၂၄)ပြည်ပါ ဆန်(၄)အိတ်အား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


