နေပြည်တော် ၁၄ စက်တင်ဘာ
(၅၅)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီ အစည်းအဝေး(55th Meeting of the ASEAN Committee on Culture and Information, 55th ASEAN-COCI Meeeting) ကို ယနေ့ နံနက်ပိုင်းတွင် COCI အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် စင်ကာပူနိုင်ငံမှ Video Conferencing ဖြင့် ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များ၊ COCI အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် စင်ကာပူနိုင်ငံမှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများနှင့် အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြရာ မြန်မာနိုင်ငံ-အာဆီယံ ယဉ်ကျေးမှုနှင့် ပြန်ကြားရေး ကော်မတီ(COCI-Myanmar)၏ တာဝန်ခံဌာနဖြစ်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်ကြည်ပြာ ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ-အာဆီယံ ပြန်ကြားရေးဆပ်ကော်မတီ (SCI-Myanmar) တာဝန်ခံဌာန ဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ္တဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဦးဇေယျာ ဦးဆောင်သည့် ကိုယ်စားလှယ်များက နေပြည်တော်၊ တပ်ကုန်းနှင့် ရန်ကုန်တို့ရှိ သက်ဆိုင်ရာ ရုံး/ဌာနများမှ ပါဝင်တက်ရောက် ဆွေးနွေးကြသည်။
ယင်းအစည်းအဝေးတွင် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကဏ္ဍဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအတွက် အာဆီယံယဉ်ကျေးမှုရန်ပုံငွေ ဘတ်ဂျက်လျာထားခြင်း၊ ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဆိုင်ရာ စီမံကိန်းများနှင့် စပ်လျဉ်းသည့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဆွေးနွေးညှိနှိုင်းခြင်း၊ စီမံကိန်းအသစ်များ ဆောင်ရွက် လိုသည့်နိုင်ငံများက အဆိုပြုစီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ နောက်တစ်ကြိမ် COCI အစည်းအဝေး အလှည့်ကျကျင်းပမည့် နိုင်ငံရွေးချယ်အတည်ပြုခြင်း စသည့် အချက်များကို အဓိကထားပြီး တက်ရောက်ကြသူများက ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြသည်။
အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီကို ၁၉၇၈ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ၁၉၇၈ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် အာဆီယံယဉ်ကျေးမှု ရန်ပုံငွေကို ထူထောင်ခဲ့သည်။ ကော်မတီသည် ၁၉၈၅ ခုနှစ်မှစတင်၍ အာဆီယံဆိုင်ရာ စာပေနှင့် လေ့လာမှုများ အစုအဖွဲ့၊ အနုသုခုမဆိုင်ရာ အစုအဖွဲ့၊ ရေဒီယို၊ တီဗီနှင့် ရုပ်ရှင်ဗီဒီယိုအစုအဖွဲ့နှင့် ပုံနှိပ်မီဒီယာအစုအဖွဲ့ စသည့် လုပ်ငန်းကော်မတီ ၄ ရပ်တို့ဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ရာမှ ၁၉၉၉ ခုနှစ်တွင် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုပုံစံကို အာဆီယံ ယဉ်ကျေးမှုဆပ်ကော်မတီနှင့် အာဆီယံပြန်ကြားရေးဆပ် ကော်မတီဟူ၍ ဆပ်ကော်မတီနှစ်ခုဖြင့် ပြင်ဆင် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
အာဆီယံအမျိုးသားယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီများအား အာဆီယံနိုင်ငံများ၏ သက်ဆိုင်ရာ ယဉ်ကျေးမှု၊ ပြန်ကြားရေး စသည့် ဝန်ကြီးဌာနများ၊ နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြားကွန်ယက်များ၊ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့များ၊ ပြတိုက်များ၊ မော်ကွန်းတိုက်များနှင့် စာကြည့်တိုက်များမှ ကိုယ်စားလှယ်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး အစည်းအဝေးအား ဆပ်ကော်မတီ(၂)ခု၏ ရန်ပုံငွေဖြင့် လုပ်ငန်းစီမံချက်များရေးဆွဲခြင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၂၅ ရရှိနိုင်ရန် အတွက် အာဆီယံအသိပညာဖြန့်ဝေခြင်းများ၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာများကို အားပေးမြှင့်တင် မှုများ၊ မတူကွဲပြားသော ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းမှုများ၊ ယဉ်ကျေးမှုနှင့် အနုပညာ ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် အဓိက ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
ယင်းကော်မတီ၏အစည်းအဝေးများကို နိုင်ငံအက္ခရာစဉ်အလိုက် နှစ်စဉ်နိုဝင်ဘာလတွင် အလှည့်ကျကျင်းပ လေ့ရှိပြီး ယခုနှစ်တွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် အလှည့်ကျအိမ်ရှင်ဖြစ်သည့် စင်ကာပူနိုင်ငံက Video Conferencing ဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီအစည်းအဝေးများကို ၂၀၀၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပခဲ့ပြီး (၅၆) ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီအစည်းအဝေးကို ၂၀၂၁ ခုနှစ် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


