နေပြည်တော်   ၁၄  စက်တင်ဘာ

 

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ(၁/၂၀၂၀) ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌများနှင့်  အတွင်းရေးမှူးများ၊  ကလေးသူငယ် အရေးကိစ္စကျွမ်းကျင် ပညာရှင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အမျိုးသားအဆင့် ပထမအကြိမ် အစီရင်ခံစာကို UNCRC Committee သို့ ၁၉၉၅ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကြိမ် အစီရင်ခံစာကို ၂၀၀၂ ခုနှစ်တွင် လည်းကောင်း၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ပူးတွဲအစီရင်ခံစာကို ၂၀၀၉ ခုနှစ်တွင်လည်းကောင်း တင်သွင်းခဲ့ပြီးဖြစ်ကြောင်း၊ ယခုပဉ္စမနှင့် ဆဌမအကြိမ် ပူးတွဲအစီရင်ခံစာကို ၂၀၂၀ ခုနှစ်အတွင်း တင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်အရ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ် (Maternal and Child Cash Transfer Program-MCCT)ကို ၂၀၁၇-၂၀၁၈၊ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ဧရာ ဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် လက်ရှိ MCCT အကျိုးခံစားခွင့်ရှိသူ (၄၄၁,၈၂၂) ဦးအား ထောက်ပံ့ပေးခဲ့ပါကြောင်း။

 

ထို့အပြင် ကလေးသူငယ်အားလုံး၏  ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ပေးနိုင်မည့် ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးမှုအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး Early Childhood Intervention (ECI) ဝန်ဆောင်မှုလုပ်ငန်း စနစ်ပေါ်ထွန်းလာစေရေးအတွက် စီမံခန့်ခွဲမှုကော်မတီ၊ လုပ်ငန်းအဖွဲ့၊ နည်းပညာအဖွဲ့တို့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊  ကနဦးစီမံချက်ဒေသအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာ(၇)ခုတို့မှ မွေးစမှ ငါးနှစ် အောက်ကလေးငယ်များ အားလုံးအား မိသားစုအခြေပြု ECI ဝန်ဆောင်မှုပေးခြင်းကို  ဆက်စပ်ဝန်ကြီးဌာနများ၊  ကျွမ်းကျင်ပညာရှင်များ၊ စနစ်တကျ လေ့ကျင့်ပေးထားသော ရပ်ရွာမှ စေတနာ့ဝန်ထမ်းများဖြင့် အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊  ဤကဲ့သို့ တိုင်းတာစစ်ဆေးခြင်းအားဖြင့် ကလေးသူငယ်များတွင် မသန်စွမ်းမှုဖြစ်ပွားခြင်းများကို စောစီးစွာသိရှိပြီး လိုအပ်သော ကာကွယ်မှုများ ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေးဦးအရွယ် ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းဥပဒေ၊  နည်းဥပဒေများကို   ရေးဆွဲ ပြဋ္ဌာန်းခဲ့ပြီး မူဝါဒ၊  မဟာဗျူဟာများ ချမှတ်ခဲ့ပါကြောင်း၊  ဌာနအခြေပြုလုပ်ငန်းအနေဖြင့် တစ်နိုင်ငံလုံးတွင် မူလတန်းကြိုကျောင်းပေါင်း (၁၄၂)ကျောင်း ဖွင့်လှစ်ထားရှိပြီး ဆက်လက်၍ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားရှိ ကြောင်း၊ တစ်နိုင်ငံလုံးတွင် မူလတန်းကြိုပညာရေး လွှမ်းခြုံမှုရှိစေရေးအတွက် ရပ်ရွာအခြေပြုအနေဖြင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို နည်းပညာ အကူအညီနှင့် ထောက်ပံ့ကြေးပေးခြင်း၊ မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရန် သင်တန်းများပေးခြင်းနှင့် ထောက်ပံ့ကြေးပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း။

 

  ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းပေါင်း  (၁၅၄၃) ကျောင်းအတွက် ငွေကျပ် ၁၆၃၅ ဒသမ ၅၈ သန်းကိုလည်းကောင်း၊ မိခင်ဝိုင်းပေါင်း (၁၂၀၀) အတွက် ငွေကျပ် ၁၇၂၄ ဒသမ ၁၆ သန်းကိုလည်းကောင်း ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကလေးသူငယ်များအနေဖြင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းရပ်များ သာမက  အကာအကွယ်များ၊ စောင့်ရှောက်မှုများရရှိရန် လိုအပ်သည့်အတွက် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်ကော်မတီများသို့ လုပ်ပိုင်ခွင့်များကို  ဥပဒေအရ အပ်နှင်းထားပါကြောင်း၊  ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး အမျိုးသားကော်မတီအနေဖြင့် အဆင့်ဆင့် တာဝန်ယူဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ရင်ခွင်မဲ့ကလေးငယ်များ စောင့်ရှောက်ရေးလုပ်ငန်းအနေဖြင့် စွန့်ပစ်ကလေးငယ်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်လျက်ရှိသည့် ကလေးငယ်များအား ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ကလေးပြုစုရေးဌာန(၇)ခုတို့ကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၏ လှူဒါန်းမှုဖြင့် နေပြည်တော်၌ ကလေးဦးရေ (၁၀၀)ဆံ့ ကလေးပြုစုရေးဌာနတစ်ခု ဖွင့်လှစ်နိုင်ခဲ့ကြောင်း။

 

ယနေ့အစည်းအဝေးတွင် မိမိတို့ ပြည်ထောင်စုအဆင့်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဥပဒေများ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြမည် ဖြစ်သကဲ့သို့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌများအနေဖြင့်လည်း သက်ဆိုင်ရာ ဒေသအလိုက် ကလေးသူငယ်အခွင့်အရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြမည်ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို  ကလေးများအားလုံးသိရှိရန်၊ ကလေးတိုင်းလက်လှမ်းမီ တန်းတူညီတူ ရရှိနိုင်ရန်အတွက် မိမိတို့အမျိုးသားကော်မတီကလည်း အစွမ်းကုန်ဆောင်ရွက်လျက်ရှိသလို   တာဝန်ရှိသူများ အားလုံးအနေဖြင့်လည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီးက တက်တက်ကြွကြွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြပါရန် တိုက်တွန်းပြောကြားသည်။

 

ယင်းနောက်  လူမှုဝန်ထမ်းဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ လုပ်ငန်းတာဝန်များအပေါ် နိုင်ငံတော်က လိုက်နာဆောင်ရွက်ရန်နှင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့သည့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် များကို ဆွေးနွေးတင်ပြပြီး ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးများက ကလေးသူငယ်အခွင့်အရေးများ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အမျိုးသားအဆင့် ပဉ္စမနှင့်ဆဌမအကြိမ် ပူးတွဲအစီရင်ခံစာ ရေးသားဆောင်ရွက်မှုအခြေအနေ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေ(မူကြမ်း)နှင့် မူဝါဒရေး ဆွဲခြင်းတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌများနှင့်  ကော်မတီဝင်များက သက်ဆိုင်ရာဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို  ရှင်းလင်းဆွေးနွေးခြင်းနှင့် ကလေးသူငယ်အရေးကျွမ်းကျင်သည့် ပညာရှင်များကအကြံပြု ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်က ပြည်သူများ ရေရှည်တည်တံ့ခိုင်မြဲပြီး လုံခြုံစွာ ဖွံ့ဖြိုးရေး ဦးတည်ဆောင်ရွက်ရာတွင် ကလေးသူငယ်များအတွက် အကာအကွယ်ပေးမည့် ခိုင်မာသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို  ပြဋ္ဌာန်းပြီးဖြစ်ရာ ကလေးသူငယ်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် တာဝန်ယူဆောင်ရွက်နေကြသောသူများက ပူးပေါင်း၍ ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်ကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

သတင်းစဉ်