ပွင့်ဖြူ ၁၅ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ယောစုကျေးရွာအုပ်စု ၊ ရွာသစ်ကျေးရွာတွင် ဒေသခံတောင်သူများ မုန်းချောင်းရေကို အမှီပြု၍ စားပင်သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြပြီး စားပင်သီးနှံများစိုက်ပျိုးရာတွင် ခရမ်းသီးနှံမှာ စားသုံးသူအကြိုက်တွေ့ပြီး ရောင်းအားကောင်း၍ စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်လာကြ ကြောင်း အဆိုပါ ရွာသစ်ကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်သည် ရာသီဉတုမျှတကောင်းမွန်ပြီး စိုက်ပျိုးရေပေါကြွယ်ဝမှုကြောင့် မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများက စိုက်ပျိုးရေးလုပ်ငန်းကို (နွေ ၊ မိုး ၊ ဆောင်း ) ရာသီမပြတ် စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။ ထိုသို့ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာတွင် ပွင့်ဖြူမြို့နယ် ယောစုကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများ အပါအဝင် မုန်းချောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မုန်းချောင်းရေကို အမှီပြု၍ ဉယျာဉ်ခြံမြေများ ပြုလုပ်ကာ နှစ်ရှည်သီးနှံနှင့် စားပင်သီးနှံမျိုးစုံတို့ကို မိရိုးဖလာ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး ယခုနှစ်တွင် တောင်သူများ စိုက်ပျိုးလုပ်ကိုင်သည့် စားပင်သီးနှံများတွင် ခရမ်းသီးနှံမှာ စားသုံးသူများ အကြိုက်တွေ့ကာ ရောင်းအားကောင်း၍ တိုးချဲ့စိုက်ပျိုး လုပ်ကိုင်လာကြကြောင်း ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာမှ ခရမ်းစိုက်ပျိုးတောင်သူ ဦးသန်းထွန်းဦးက ပြောသည်။
ရဲဝင်းနိုင် ( ပြန်/ဆက် )


