မိုင်းဖြတ်   ၁၅  စက်တင်ဘာ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နမ့်ယွန်းကျေးရွာအုပ်စု၊ မာမွန်ကြယ်ကျေးရွာ၌ အလုပ်ပေး ငွေပေး စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် သောက်သုံးရေရရှိရေး စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းကို ဩဂုတ်လ ပထမအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ COVID-19 ရောဂါ ကာလအတွင်း လူမှုစီးပွားဘဝထိခိုက် ဆုံးရှုံးမှုတွေ လျော့နည်းသက်သာစေရန်နှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်၍ အလုပ်ပေးငွေပေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ အလားတူ မိုင်းဖြတ်မြို့နယ် နမ့်ယွန်းကျေးရွာအုပ်စု၊ မာမွန်ကြယ်ကျေးရွာ သောက်သုံးရေရရှိရေး စိမ့်စမ်းရေ ပိုက်လိုင်း ၅၀ဝ၀ ပေ ပြုပြင်သွယ်ယူခြင်းလုပ်ငန်းကို အလုပ်ပေး ငွေပေး စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ ဖြင့် ဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတိုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးစီးအရာရှိ (နည်းပညာ) ဒေါ်သီသီအောင်က ပြောပြ၍ သိရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်၊ ဦးစီးအရာရှိ(နည်းပညာ) ဒေါ်သီသီအောင်နှင့် တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့်အတူ မာမွန်ကြယ်ကျေးရွာ၌ အလုပ်ပေး ငွေပေး စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် သောက်သုံးရေရရှိရေး စိမ့်စမ်းရေပိုက်လိုင်း ပြုပြင်သွယ်ယူခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

 

မိုင်းဖြတ်မြို့နယ်အတွင်း အလုပ်ပေးငွေပေးစီမံကိန်းကို ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် မာမွန်ကြယ် ကျေးရွာအပါအဝင် ဟွေလုံဝမ်း၊ မဟီကောင်၊ မိုင်းတင်း(ပေါ်/အောက်)၊ အင်ပါဟူ(အပေါ်/အောက်)၊ ပါဆန်းဒေ့၊ ဟာကြားမုဒီ၊ နမ့်ဟွေလုံ စသည့် ကျေးရွာများတွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုစိုင်း(ကျေးလက်)