ပခုက္ကူ ၁၅ စက်တင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ပခုက္ကူခရိုင်အတွင်း ကျေးရွာ(၅၄)တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးအောင်မြင်ပြီ ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် Cash for Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေကျပ်သိန်း(၁၀ဝ)စီဖြင့် ပခုက္ကူခရိုင်အတွင်း ပခုက္ကူ၊ရေစကြို၊မြိုင်၊ ပေါက်နှင့် ဆိပ်ဖြူမြို့နယ်များရှိ ကျေးရွာ(၅၄) ရွာတို့ တွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သည့် စာသင်ကျောင်းဆောင် ပြုပြင်ခြင်း နှစ်ခု၊ ကျေးရွာခန်းမဆောင်ပြုပြင်ခြင်း တစ်ခု၊ ရွာတွင်း ကွန်ကရစ် ဘီးလမ်းခင်းခြင်း လေးခု၊ ရွာတွင်းမြေနီကျောက်စရစ်ခင်းခြင်း ၂၀ခု၊ ရွာတွင်းမြေသားလမ်းခင်းခြင်း နှစ်ခု၊ ရွာတွင်းလမ်းကျောက်ရောခင်းခြင်း သုံးခု၊ မြေသားရေလှောင်ကန်ပြုပြင်ခြင်း ၁၉ခု၊ ရွာတွင်းလမ်းမြေ နှုတ်မြောင်းပြုပြင်ခြင်း လေးခု၊ စသည့်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (၅၅)ခုတို့အား ရာနှုန်းပြည့် ပြီးစီးအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။
Cash for Work စီမံကိန်းသည် ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan (CERP) အရ ကျေးလက်နေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေး အခက်အခဲများကို ကုစားပေးနိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး ကျေးရွာပြည်သူလူထုကိုယ်တိုင် မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများရွေးချယ်ကာ ချက်ချင်းလုပ်အားခပေးချေမှုစနစ် ဖြင့် ခရိုင်အတွင်း ကျေးရွာ(၅၄)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပြီဖြစ်ရာ စိုက်ပျိုး ရေး၊မွေးမြူရေးများမှ ထွက်ရှိလာသည့် ထုတ်ကုန်၊ထွက်ကုန်များကို ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာဖြင့် အလွယ်တကူသယ်ယူပို့ဆောင်နိုင်ခြင်း၊ အခြေခံပညာများ အဆင်ပြေချောမွေ့စွာ သင်ယူနိုင်ခြင်းနှင့် သောက်သုံးရေဖူလုံစွာ သုံးစွဲ နိုင်ခြင်း စသည့် ကျေးလက်နေ ပြည်သူများများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း ပခုက္ကူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်ဝေ၏ပြောပြချက်အရ သိရသည်။
ဆလိုင်းကိုကီး


