ပခုက္ကူ ၁၅ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မခံရစေရေးနှင့် အချိန်မီကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ညမထွက်ရန်အမိန့် ထုတ်ပြန်ကြေညာချက်များကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် စက်တင်ဘာ ၁၄ ရက် ည ၇ နာရီက မြို့ပေါ် ရပ်ကွက်များအတွင်း လိုက်လံအသိပေးနှိုးဆော်ကြသည်။
အသိပေးနှိုးဆော်ရာတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ စက်တင်ဘာ ၁၅ ရက် ည ၁၂ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့ဖြင့်ဖြစ်စေ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်း၊ စုဝေးခြင်းနှင့် တစ်စုံတစ်ရာပြုလုပ်ခြင်း မပြုလုပ်ရန် စသည့် ညမထွက်ရန်အမိန့်ကို ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာကြစေရန် ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ သီဟိုဠ်ရှင်စေတနာ အခမဲ့ဆေးခန်း (ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်) ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ကာ အသိပေးနှိုးဆော်ခဲ့ကြပြီး ညမထွက်ရန်အမိန့် ဖောက်ဖျက်သူများအား တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ညမထွက်ရန် အမိန့်ထုတ်ပြန်ခြင်းသည် မြို့နယ်အတွင်း အများပြည်သူများ ရောဂါကူးစက်မှုအန္တရာယ်မှ ကာကွယ်ထိန်းချုပ်နိုင်ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် စနစ်တကျ တိကျမှန်ကန်စွာ လိုက်နာဆောင်ရွက်ပေးကြရန် အထူးလိုအပ်ကြောင်း သိရသည်။
ဆလိုင်းကိုကီး


