ကွမ်းလုံ ၁၅  စက်တင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် သံလွင်မြစ်ကူးတံတားသစ် စီမံကိန်းအတွင်း ပါဝင်သွားသော မြေယာ၊ သီးနှံနှင့် အဆောက်အဦများအား တတိယအကြိမ် လျော်ကြေးများကို ယနေ့နံနက် (၁၁)နာရီခန့်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သံလွင်မြစ်ကူးတံတားသစ် စီမံကိန်းအတွင်း ပါဝင်သွားသော မြေယာ(၈.၄၇၈)ဧကအတွက် မြေယာ လျော်ကြေး ကျပ်(၈၄)သန်းကျော်၊ သီးနှံလျော်ကြေး ကျပ်(၉၁)သန်းကျော်နှင့် အဆောက်အဦလျော်ကြေး ကျပ်(၂)သန်းကျော် စုစုပေါင်း တတိယအကြိမ် လျော်ကြေးငွေအနေဖြင့် ကျပ်(၁၇၉)သန်းကျော်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျနှင့် တံတားဦးစီးဌာနမှ တာဝန်ရှိသူတို့က တောင်သူလက်ဝယ် အရောက် ပေးအပ်ခဲ့ကြသည်။

 

အဆိုပါ သံလွင်မြစ်ကူးတံတားသစ် စီမံကိန်းအတွက် မြေယာ၊ သီးနှံနှင့် အဆောက်အဦးလျော်ကြေး အနေဖြင့် ပထမအကြိမ်တွင် ကျပ်(၅၀၀)သန်း၊ ဒုတိယအကြိမ်တွင် ကျပ်(၁၀၅)သန်းနှင့် တတိယအကြိမ်တွင် (၁၇၉)သန်းကျော် စုစုပေါင်း ကျပ်(၇၈၄)သန်းကျော် ပေးလျော်ပြီးဖြစ်ကြောင်း သိရသည်။

 

သံလွင်မြစ်ကူး ကွမ်းလုံတံတားသစ်အနေဖြင့် တရုတ်နိုင်ငံမှ တာဝန်ယူတည်ဆောက်ပေးသွားမည် ဖြစ်ပြီး တံတားအရှည် (၂၈၆)မီတာ၊ တံတားအကျယ် (၁၂)မီတာရှိသော နှစ်လမ်းသွား တံတားဖြစ်ကာ (၃)နှစ်စီမံကိန်းဖြင့် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)