မကွေး ၁၅ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မကွေးဌာနခွဲရုံးတွင် ရှေးဟောင်းဝတ္ထုပစ္စည်းများ လာရောက်အပ်နှံသည့် သူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းကို စက်တင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက အဆိုပါရုံးခန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မကွေးဌာနခွဲ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်းက အမှာစကားပြောကြားပြီး ရှေးဟောင်းဝတ္ထုပစ္စည်းများ ဌာနသို့ အပ်နှံခဲ့ကြသည့် မင်းဘူး(စကု)မြို့နယ်မှ ဒေါ်မေဖြူသွယ်ဝင်း၊ ဦးဝင်းအောင်၊ ဦးသန်းထိုက်ဦးနှင့် အောင်လံမြို့နယ် မိုးဖုံးကျေးရွာမှ ဦးကျော်သက်တို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ကာ ကိုဗစ်-၁၉ ကြောင့် တက်ရောက်နိုင်ခြင်းမရှိသည့် နတ်မောက်မြို့နယ် မြင်းတဲကြီးကျေးရွာမှ ဦးဝင်းမောင်နှင့် ဦးခင်မောင်ညိုတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဆက်သွယ်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မကွေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးဦးက ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ဦးစီးအရာရှိ ဦးရဲလွင်က ရှေးဟောင်းသုတေသနဆိုင်ရာ ဥပဒေများအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မကွေးဌာနခွဲအနေဖြင့် ဝန်ကြီးဌာန၏ မူဝါဒများအရ ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ်ခြင်း၊ တူးဖော်သုတေသနပြုခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အသိပညာပေးခြင်းနှင့် တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်လျက်ရှိပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ပြနှင့်ကျေးလက်နေ ပြည်သူများကလည်း မိမိတို့ဒေသမှ စုဆောင်းရရှိထားသော ရှေးဟောင်းဝတ္ထုပစ္စည်းများကို တိုင်းဒေသကြီးဌာနခွဲရုံးသို့ လာရောက်၍ အပ်နှံလျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)


