ငဖဲ   ၁၆  စက်တင်ဘာ

 

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချူပ်နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စု ပျဉ်းဝစစ်ဆေးရေးစခန်းအနီး မိုင်တိုင် အမှတ် (၃၉မိုင်၊၄ဖာလုံ)တွင် ရခိုင်ပြည်နယ်နှင့် ဆက်သွယ်သည့် ကုန်တင်ကားများအတွက် ပျဉ်းဝ ကုန်စည်လွှဲပြောင်းရေး စခန်းကို စက်တင်ဘာလ ၄ ရက်က စတင်ဆောက်လုပ်ခဲ့ရာ ယနေ့မှာ စခန်း တည်ဆောက် ပြီးစီးပြီး  ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

 

ပျဉ်းဝကုန်စည်လွှဲပြောင်းရေးစခန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေကျပ် ၂၃.၉၄၆ သန်းဖြင့် ငဖဲမြို့နယ်လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီမှကြီးကြပ်၍ အလျား ပေ၄၀ အနံ ၁၈ပေ ရှိကုန်စည်လွှဲပြောင်းမှုကြီးကြပ်ကွပ်ကဲရေးရုံး (၂)ဆောင်၊ အလျားပေ ၄၀ အနံ ၁၈ပေရှိ ကုန်ကားအဖွဲ့များနားနေဆောင် (၂)ဆောင် (ရေ၊မီး ရရှိပြီး) ကို စက်တင်ဘာလ ၄ ရက်က စတင်ဆောက် လုပ်ခဲ့ခြင်းဖြစ်သည်။

 

မင်းဘူး-အမ်းလမ်း ငဖဲမြို့နယ်ပျဉ်းဝစခန်းမှ နေ့စဉ်ရခိုင်ပြည်နယ်ဘက်သို့ ကုန်တင်ကား များအစီး ၅၀ ကျော်ဝင်ထွက်သွားလာလျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် နိုင် ရေးနှင့် ကုန်စည်စီးဆင်းမှု မပြတ်လပ်စေရေးအတွက် ရခိုင်ပြည်နယ်နှင့် အခြားတိုင်းဒေသကြီး ဘက်သို့ အဝင်၊အထွက် သွားလာကြမည့် ကုန်တင်ကားများမှ အဆိုပါစခန်းနေရာတွင်ကုန်စည်များကို လွှဲပြောင်း တင်ဆောင်နိုင်ရေး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်လဲလှယ်ပြီး မောင်နှင်ပို့ဆောင်ရေး ဆောင်ရွက်သွားမည် ဖြစ်သည်။

 

အဆိုပါ ပျဉ်းဝစခန်းတွင် မြို့နယ် ကိုဗစ်-၁၉ ကြီးကြပ်မှုကော်မတီ၊ ကျန်းမာရေး၊ မူးယစ်ရဲတပ်ဖွဲ့၊ လဝက၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောနှင့် မီးသတ်ဌာနတို့ထားရှိပြီး တာဝန်ကျဝန်ထမ်းများ က ကြီးကြပ်၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုယ်အပူချိန်တိုင်းတာ စစ်ဆေးပေးခြင်း၊ ကုန်တင်ကားများအား ပိုးသတ်ဆေးဖျန်းပေးခြင်း၊ ကုန်စည်လွှဲပြောင်း တင်ဆောင်နိုင်ရေး၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် လဲလှယ်မောင်းနှင် ပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

မယု(ငဖဲ)