ဘုတလင်   ၁၆    စက်တင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်စည်ပင်သာယာရေးကော်မတီက ပြည်သူများ အပန်းဖြေ အနားယူ နိုင်ရန်အတွက် တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေ ၁၀ သန်းဖြင့် ဗန္ဓုလပန်းခြံ အဆင့်မြှင့်တင် ခြင်းနှင့် ကလေးကစားကွင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင် သာယာကော်မတီ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်စိုးထံမှ သိရသည်။

 

ဗန္ဓုလပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအဖြစ် ကွန်ကရစ်ထိုင်ခုံများ၊ ဖိုင်ဘာလျှောစင်များ၊ ပန်းအိုးများ ဝယ်ယူခြင်းနှင့် သဲကွင်းအား အုတ်စီခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ ၅ ဒဿမ ၁၅ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ကလေးကစားကွင်းကို ဒန်း၊ ဆီးဆော၊ လျှောစင်၊ ဘားတန်း၊ ကမ္ဘာလုံးနှင့် ချားရဟတ် တို့ဖြင့် အလှဆင်တည်ဆောက်ခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ ၄ ဒဿမ ၈၅ သန်းတို့ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ ဗန္ဓုလပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းပြီးစီး၍ ကလေးကစားကွင်းမှာ ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာကော်မတီ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

 

ဘုတလင်မြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဗန္ဓုလပန်းခြံအတွင်းတွင် ငွေလုံးငွေရင်း ရန်ပုံငွေ ၁ ဒဿမ ၈၆ သန်းဖြင့် အားကစားပစ္စည်း ၉ မျိုးကိုလည်း ထားရှိခဲ့ပြီး မြို့သာယာ လှပရေးအတွက် ဘုတလင်-ကနဲ-ကနီကားလမ်း ပြည်သူ့ဆေးရုံကြီးရှေ့တွင် အုတ်ပန်းခုံ ၁၁ ခုံနှင့် ကွန်ကရစ်ပန်းအိုးအလုံး ၇၀ တို့ကိုလည်း တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေ ၄ သန်းဖြင့် ဝယ်ယူအလှဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)