မကွေး ၁၆ စက်တင်ဘာ

 

အသက်(၆)နှစ် မှ (၇၅)နှစ်အထိ ထားရှိနိုင်သည့် လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု အာမခံထားရှိသူများအနေဖြင့် ကိုဗစ်-၁၉ကူးစက်ခံရပါက ပုံမှန် အာမခံလျော်ကြေးထက် (၂၀)ရာခိုင် နှုန်း ပိုမိုရရှိမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

 

အာမခံထားရှိသူများ ရောဂါနှင့် မတော်တဆမှုများကြောင့်ဆေးရုံတက်ရပါက တစ်ရက်လျှင် ငွေကျပ် (၅) နှုန်းဖြင့် ရက်ပေါင်း ၆၀ ထိ၊ မတော်တဆ သေဆုံးပါက(၅)သိန်းကျပ်အထိ ပုံမှန်ခံစားခွင့်များရရှိမည်ဖြစ်သည်။

 

"အာမခံထားရှိသူတွေအနေနဲ့ ကိုဗစ် (၁၉)ကာလမှာ ကူးစက်ခံရရင် ပုံမှန်ခံစားခွင့်တွေအပေါ်(၂၀)ရာခိုင်နှုန်း အပိုစောင်းရရှိမှာဖြစ်ပါတယ်'' ဟု မကွေးတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်း တာဝန်ခံဦးစိုးငြိမ်းက ပြောသည်။

 

အသက်(၆)နှစ်မှ(၃၀)နှစ်အတွင်း ငွေကျပ် ၅၀၀၀၊ အသက်(၃၁)နှစ် မှ (၄၀) ကြား ငွေကျပ် ၅၅၀၀၊ အသက်(၄၁)မှ (၅၀) ကြား ငွေကျပ်  ၆၅၀၀ ၊ အသက်(၅၁) မှ (၆၀)ကြား ငွေကျပ်  ၈၅၀၀၊ အသက် (၆၁)မှ(၇၅) ကြား ငွေကျပ်  ၁၃၀၀၀ နှုန်းများဖြင့် တစ်နှစ်စာ ပရီမီယံကြေးပေးသွင်း၍ အာမခံထားရှိနိုင်ကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီးရုံးတွင် (၂၀၁၉)ခုနှစ် ဇန်နဝါရီ(၁၈)ရက်နေ့မှ ယနေ့ထိ လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှု အာမခံထားရှိထားသူ ၁၃၀ ဝန်းကျင်ရှိပြီး အများပြည်သူစိတ်ဝင်စားမှု အားနည်းနေသေးကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရှိရသည်။

 

ဇေယျတု (မကွေး)