ဒီးမော့ဆို ၁၆ စက်တင်ဘာ
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၂၉၄ ဒသမ ၀၃၅ သန်းဖြင့် ဒေါကော့၊ ဒေါဖာနှင့် ဒေါတချကျေးရွာအတွက် ကျေးလက်ရေပေးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက် ၁၀ နာရီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုး ဝေနှင့် မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ဆေးရေးကော်မတီဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့စစ်ဆေးရာတွင် ဒေါတချရေထွက်မှ ရေသွယ်ယူပြီး ဂါလန် ၂၀၀၀၀ ဆံ့ ရေစုကန်အတွင်း ရေရရှိမှုအခြေအနေ၊ ရေစုကန်မှ လျှပ်စစ်ရေတင်မော်တာပန့်ဖြင့် ရေတွန်းတင်မည့် အခြေအနေ့၊ ဒေါကော့၊ ဒေါဖာနှင့် ဒေါတချကျေးရွာအတွက် ရေဖြန့်ဝေမည့် ဂါလန် ၃၀၀၀၀ ဆံ့ ရေလှောင်ကန် နှစ်ကန် တည်ဆောက်ပြီးစီးမှုနှင့် အိမ်တိုင်ရာရောက် ရေပိုက်သွယ်တန်းမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒေါကော့၊ ဒေါဖာနှင့် ဒေါတချကျေးရွာ တို့သည် နွေရာသီကာလတွင် သောက်သုံးရေ ရှားပါးသော ကျေးရွာများဖြစ်ပြီး အဆိုပါကာလတွင် သောက်သုံးရေ ရရှိရေးအတွက် ဒေါတချရေထွက်ရှိရာ တောင်အောက်သို့ အသွားအပြန် နှစ်နာရီ ခြေကျင်ခရီးဖြင့် သွားရောက်၍ ရေသယ်ယူရပြီး ယခုအခါ နိုင်ငံတော်မှ အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် သောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးနေသည့်အတွက် ကျေးရွာ သုံးရွာမှ ကျေးရွာပြည်သူလူထု ၁၀၀၀ ကျော်အား သောက်သုံးရေ ရှားပါးသော အခြေအနေမှ ရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


