မြစ်သား ၁၆ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်လုပ်ငန်းလမ်းညွှန်ဆင့်ပွား သင်တန်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံဟောင်း အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးကျော်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုအရ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ခြင်းဖြစ်ပြီး မြစ်သားမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း(၉၂)အုပ်စုရှိရာ (၁)အုပ်စုလျှင် သင်တန်းသား(၂)ဦးနှုန်းဖြင့် သင်တန်းသား (၁၈၀)အား (၆)ဖွဲ့ခွဲကာ တစ်ဖွဲ့လျှင်၃၀ စီဖြင့် တစ်ရက်လျှင်(၂)ကြိမ် ပို့ချပေးခြင်းဖြစ်ကြောင်း မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးထံမှ သိရသည်။
သင်တန်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဒေါ်ယဉ်မွန်ဖိုးနှင့် အဖွဲ့ခွဲဝင် ဦးကျော်မင်းငွေ၊ ဦးအောင်ကျော်စိုးတို့က မဲစာရင်းပြုစုခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ကြိုတင်ဆန္ဒမဲ ပေးခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုလုပ်ငန်းလမ်းညွှန်၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်များ ထုတ်ပြန် ကြေညာခြင်း၊ မြို့နယ်/ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ အခန်းကဏ္ဍ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များစသည့် ဘာသာရပ်များကို စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ (၃)ရက် ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆုမွန်(မြစ်သားပြန်/ဆက်)


