ဖားကန့် ၁၆ စက်တင်ဘာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာနှင့် မကာပင်ကျေးရွာတို့တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မျောချောင်းတိုက်စားမှုကြောင့် လူနေအိမ်ငါးလုံး ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မကာပင်ကျေးရွာ ရွာထိပ်ရှိ (ဒေသအခေါ် ဧရာရတနာကုမ္ပဏီ) မြေစာပုံမှစီးဆင်းလာသော မျောချောင်းတိုက်စားမှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်(၄)လုံး ပြိုကျပျက်စီးသွားခဲ့ပြီး ဝှေခါကျေးရွာ မှော်တောင်းရပ်ကွက်(၄)တွင်လည်း တောင်ကမ်းပါးယံမှ မြေစာများ မိုးရေနှင့်အတူ ပြိုကျစီးဆင်းမှုကြောင့် နေအိမ်တစ်လုံး ပျက်စီးသွားခဲ့ကြောင်း ဆိပ်မူကျေးရွာ ရာအိမ်မှူးရုံးမှ သိရသည်။
ဆိပ်မူကျေးရွာအုပ်စုအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ဂျမ်ဂါကျေးရွာရှိ မြေသားလမ်းမကြီး ကမ်းပါးယံပြိုကျခဲ့ပြီး လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သည့်အပြင် ဝှေခါကျေးရွာ မှော်သစ်ကုန်း ရပ်ကွက်(၃)မှ နေအိမ်(၄)အိမ်ခန့် အနိမ့်ပိုင်းဘက်သို့ အနည်းငယ်လျောကျမှုနှင့် ထပ်မံလျောကျမှု ဖြစ်ပေါ်နိုင်သည့် နေအိမ်(၇)လုံးခန့်ရှိနေကြောင်းလည်း သိရသည်။
အလားတူ ဝှေခါကျေးရွာ၏ မြေနိမ့်ပိုင်းရပ်ကွက်တစ်ခုဖြစ်သည့် မှော်တောင်းရပ်ကွက်(၁)တွင် နေအိမ်(၁၈)လုံးခန့် ရေဝင်ရောက်မှုရှိနေပြီး လူဦးရေ(၅၃)ဦးအတွက် သွားလာရခက်ခဲမှု ဖြစ်ပေါ်နေကြောင်း သိရသည်။
လက်ရှိ မျောချောင်းတိုက်စားမှုနှင့် ရေနစ်မြုပ်မှုဖြစ်ပေါ်နေသော ပြည်သူများထံသို့ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက အကူအညီ အထောက်အပံ့များ ကူညီဆောင်ရွက်ပေးလျက်ရှိနေကြောင်း သိရသည်။
တာလင်းမောင် (ပြန်/ဆက်)


