ရေဦး  ၁၇   စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် သော့ဖျက်ကိရိယာ လက်ဝယ်တွေ့ရှိသူကိုစစ်ဆေးရာ ခိုးယူခံရ သောဆိုင်ကယ်(၆) စီး ဖော်ထုတ်နိုင်ခဲ့ကြောင်းရေဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း ထံမှသိရသည်။

 

ဖြစ်စဉ်မှာ ရေဦးမြို့တွင် စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်က ရေဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း ဦးစီး၍ ရေဦးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်  ရေဦးမြို့ ဂါဝီလမ်းဆုံဂိတ်တွင် နယ်မြေ လုံခြုံရေး ဆောင်ရွက်နေစဉ် ဒီပဲယင်းမြို့မှ ရေဦးမြို့သို့ ကျော်စိုး (၄၂) နှစ် ရွာသစ်ကျေးရွာ ဒီပဲယင်းမြို့နယ်နေသူ မောင်းနှင်လာသော  CANDA 125 (နံပါတ်မပါ) အနက်ရောင်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ဆိုင်ကယ်နင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်းအထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသည့်အပြင် ဆိုင်ကယ်တူးဘောက်အတွင်းမှ သော့မျိုးစုံဖျက်နိုင်သော ကိရိယာနှင့် သော့တံ အပိုများအားတွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ နေအိမ်အဆောက်အဦ တစ်ခုအတွင်းမှ ခိုးယူလာကြောင်း သိရသဖြင့် ရေဦးမြို့မရဲစခန်းက အမှုဖွင့်လှစ်စစ်ဆေးခဲ့သည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းခိုးယူခဲ့သောဆိုင်ကယ် (၅) စီးအား စက်တင်ဘာ ၁၆ ရက်က ထပ်မံ ဖော်ထုတ်နိုင်ခဲ့ရာ စုစုပေါင်းဆိုင်ကယ် (၆) စီး ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)