ရန်ကုန် ၁၇ စက်တင်ဘာ
မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ယှဉ်ပြိုင်မှုများကို ရန်ကုန်မြို့၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ စတူဒီယို(၁)တွင် စက်တင်ဘာ (၇)ရက်မှ (၉)ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲသို့ ရုပ်ရှင်ချစ်တဲ့သူ၊ Third Boys ၊ Three Stars၊ တော်ဝင်မောင်၊ Sky ၊မဟာစံ ၊ ရွှေငွေထိန်၊ Triangle စသည့်အဖွဲ့(၈)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမအဆင့်၊ ဒုတိယအဆင့်၊ ဗိုလ်လုပွဲအဆင့်ဆင့် ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲကို စက်တင်ဘာ (၉) ရက်နေ့တွင် ကျင်းပခဲ့ရာ “ရွှေငွေထိန်” အသင်းကပထမ၊ “Triangle”အသင်းက ဒုတိယ၊ “ရုပ်ရှင်ချစ်တဲ့သူ” အသင်းကတတိယနှင့် “Three Stars” အသင်းက နှစ်သိမ့်ဆုများ အသီသီးရရှိခဲ့ကြသည်။
မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ် ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်းစီစဉ် ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်မှုအား ထုတ်လွှင့်ပြသခြင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၂၄ မှ စတင်၍ ထုတ်လွှင့်သွားမည်ဖြစ်ပြီး ဆုရရှိသူများကို အောက်တိုဘာလအတွင်း ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
တင်ကိုဝင်း
(FDC)


