ပွင့်ဖြူ  ၁၇     စက်တင်ဘာ  

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်း၊ ကိုယ်အပူချိန်တိုင်း ကိရိယာနှင့် Handspeaker ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲကို စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဉတ္တခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဉက္ကဋ္ဌ (ဝန်ကြီးချုပ်) ဒေါက်တာအောင်မိုးညို တက်ရောက်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဌ (ဝန်ကြီးချုပ်) ဒေါက်တာအောင်မိုးညို က လက်ရှိတွင် နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားသူ ဦးရေ တိုးပွားလာသည့်အတွက် မကွေးတိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများ ကူးစက်ခံရမှု ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ၊  တက်ရောက် လာသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ပြည်သူများ အပြင်သွားလာရာတွင် နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်သွားလာကြရန် စဉ်ဆက်မပြတ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်သွားကြ စေလိုကြောင်းနှင့် ယခု ထောက်ပံ့သော ကျန်းမာရေးသုံး ပစ္စည်းကို ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အကျိုးရှိရှိ သုံးစွဲလုပ်ကိုင်ကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ မင်းဘူးခရိုင်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး) ဦးစန်းဌေးက ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးသုံး အထောက်အကူပစ္စည်းများ ထောက်ပံ့လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့် လှူဒါန်းပစ္စည်းများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ထို့နောက်   မကွေးတိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဉက္ကဋ္ဌ (ဝန်ကြီးချုပ်) ဒေါက်တာအောင်မိုးညို ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များတွင် အသုံးပြုနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ထောက်ပံ့လှူဒါန်းသော နှာခေါင်းစည်း (Mask) အခုရေ ၇၅၀ဝ ၊ ကိုယ်အပူချိန်တိုင်းကိရိယာ (၅၆)ခု ၊ Handspeaker (၅၆) ခု တို့ကို ထောက်ပံ့လှူဒါန်းရာ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အသီးသီးလက်ခံရယူခဲ့ကြကြောင်း သိရသည်။  

 

ရဲဝင်းနိုင် ( ပြန်/ဆက် )