ပခုက္ကူ   ၁၇   စက်တင်ဘာ

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် အတွင်းသို့ ဝင်ရောက်သွားလာသည့် ပြည်သူများ၏ ခရီးသွားရာဇဝင်နှင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဧရာဝတီတံတား (ပခုက္ကူ) စစ်ဆေးရေးဂိတ်အပါအဝင် မြို့အဝင်/ အထွက်ပေါက် လေးနေရာတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး အရှိန်အဟုန်မပျက် ကြပ်မတ် ဆောင်ရွက်ကြကြောင်းသိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ပြန့်ပွားမှု မြန်ဆန်လာသောကြောင့် ဒေသတွင်း ရောဂါကူးစက်မှု မရှိစေရေးနှင့် အချိန်မီ ထိန်းချုပ်ကာကွယ်နိုင်ရေးတို့အတွက် ပြည်ပနိုင်ငံများ၊ ရောဂါဖြစ်ပွားသည့် မြို့နယ်များနှင့် အခြားမြို့နယ်များမှ ပြန်လည် ဝင်ရောက်လာသည့် မော်တော်ယာဉ်များနှင့်ခရီးသည်များ ရပ်တန့်စေပြီး သက်ဆိုင်ရာ မြို့နယ်၊ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူများ၏ ခရီးသွားထောက်ခံချက် ပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်နှင့် ကိုယ်ရေးအချက် အလက်များ ကောက်ယူခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်မှုမရှိသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် ခရီးသွား များအား တစ်ဦးလျှင် Mask တစ်ခု နှစ်ထောင်နှုန်းဖြင့် နှစ်ခုဝယ်ယူ တပ်ဆင်စေခြင်း စသည့် လုပ်ငန်းများကို စက်တင်ဘာလ ၁၁ရက်မှ စတင်ပြီး အရှိန်အဟုန်မပျက် ဆက်တိုက်ဆောင်ရွက်ကြ ခြင်းဖြစ်သည်။

 

အဆိုပါ လုပ်ငန်းများကို ပခုက္ကူမြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စုပေါင်း၍  ရန်ကုန်၊ မြင်းခြံ နှင့်ပုဂံ-ညောင်းဦးမြို့နယ်များမှ ဝင်ရောက်လာသူများအား ဧရာဝတီတံတား (ပခုက္ကူ)တွင် လည်းကောင်း၊ မုံရွာနှင့် ရေစကြိုမြို့နယ်များမှ ဝင်ရောက်လာ သူများကို ရေစကြို အဝင်လမ်း Famous ဆီဆိုင်အနီးတွင်လည်းကောင်း ချင်းပြည်နယ်၊ ယောဒေသများ နှင့်ပေါက်မြို့နယ်များမှ ဝင်ရောက်လာသူ များအား ပေါက်အဝင်လမ်း အာကာမျိုးဆီဆိုင်အနီးတွင်လည်းကောင်း၊ မြိုင်မြို့နယ်၊ ပုသိမ်-မုံရွာနှင့်ပုလဲ၊ မင်းတိုင်ပင်များမှ ဝင်ရောက်လာသူများအား မြိုင်လမ်းချောက်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရှေ့တွင် လည်းကောင်း  မြို့အဝင်၊အထွက်ပေါက် လေးနေရာတွင် စုပေါင်းစစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်ကာ  အထူးကြပ်မတ်စစ်ဆေးကြပြီး ဒေသခံစေတနာရှင်ပြည်သူများက ကျန်းမာရေးဆိုင်ရာ အထောက်အကူ ပစ္စည်းများနှင့် အချိုရည်များ၊မုန့်များ ဝိုင်းဝန်းလှူဒါန်းပေးကြကြောင်း သိရသည်။

 

ဆလိုင်းကိုကီး