နေပြည်တော် ၁၇ စက်တင်ဘာ
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လယ်ယာမြေ နည်းဥပဒေအရ လျော်ကြေး၊ နစ်နာကြေးပေးချေနိုင်ရေး တွက်ချက်ဆောင်ရွက်ရာတွင် အဓိကအားဖြင့် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့် မြေသည် တည်ဆဲလယ်ယာမြေ ဥပဒေအရ ပေးလျော်ရမည့် မြေအမျိုးအစား မှန်ကန်မှုကို ဦးစွာအဓိကထားပြီး စိစစ်ရပါကြောင်း၊ ပေးလျော်ရမည့် မြေအမျိုးအစားမှန်ကန်ပါမှ ဥပဒေ၊ နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည့် အချက်များနှင့် ကိုက်ညီမှာဖြစ်ပါကြောင်း၊ ပေးလျော်ရမည့် မြေအမျိုးအစား ကိုက်ညီမှန်ကန်မှုရှိသော မြေများပေါ်၌ စီမံကိန်းလုပ်ငန်းဆောင်ရွက်စဉ်က ထိခိုက်ပျက်စီးသွားသည့် သီးနှံများနှင့် လယ်ယာမြေများအတွက် နည်းဥပဒေပါ ပြဌာန်းချက်ပါအတိုင်း ဒေသကာလပေါက်စျေးနှင့် သတ်မှတ်နှုန်းထားများဖြင့် ပေးလျော်နိုင်ရေး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က လယ်ယာမြေ ပုံစံ - ၁၂ ဖြင့် စိစစ်တွက်ချက်ပြီး သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များ၏ သဘောထားမှတ်ချက်ဖြင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ တင်ပြလာခြင်းဖြစ်ကြောင်း။
မြေယာပိုင်ရှင်များကို လျော်ကြေး၊ နစ်နာကြေးလျင်မြန်စွာ ထုတ်ပေးနိုင်ခြင်းဖြင့် ပိုင်ရှင်များအတွက် ဥပဒေအရ ပေးအပ်သော ရပိုင်ခွင့်များ နှောင့်နှေးမှုမရှိဘဲ ခံစားရမည် ဖြစ်သကဲ့သို့ တစ်ဘက်တွင်လည်း နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများ၊ ဒေသတွင်းဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ကြန့်ကြာမှုမရှိစေဘဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ကိုဗစ်-၁၉ ကာလအတွင်း စိစစ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် ယခုပေးအပ်ရန် ခွင့်ပြုမည့် လျော်ကြေးငွေများသည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော ဘဏ္ဍာငွေများဖြစ်သည်နှင့်အညီ လျော်ကြေးပမာဏကို ထိုက်သင့်သည်ထက် ပိုမိုသွားခြင်းမဖြစ်စေရေး စိစစ်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးလှကျော်နှင့် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အသုံးပြုခဲ့သည့် လယ်ယာမြေများအတွက် လယ်ယာမြေပိုင်ရှင် တောင်သူများနှင့် မြေရှင်များ နစ်နာမှုမရှိစေရန် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေးများကို အချိန်မီပေးလျော်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက လျော်ကြေး၊ နစ်နာကြေး တွက်ချက်တင်ပြလာသော လုပ်ငန်းစာတွဲများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ လျော်ကြေး၊ နစ်နာကြေးစုစုပေါင်း ကျပ်သိန်း ၂၆၀၀၀ ခန့်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အချိန်မီပေးလျော်နိုင်ရေးနှင့် စတင်တော့မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း ၄၅၀၀၀ ခန့် အလျင်အမြန် ပေးလျော်နိုင်ရေး စိစစ်ဆုံးဖြတ်ခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ကြပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်များအတွက် စုစုပေါင်းလျော်ကြေးပမာဏ ငွေကျပ်သိန်း ၇၀၀၀၀ ကျော် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


