မြဝတီ ၁၈ စက်တင်ဘာ
ယနေ့ စက်တင်ဘာလ (၁၈)ရက်နေ့ နံနက်(၆)နာရီမှ နေ့လယ် (၁၂) နာရီအချိန်အထိတွင် မြဝတီမြို့ ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ်(၂)ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံ ခရိုင်ဒေသအသီးသီးမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မိမိအစီအစဉ်များဖြင့် ပြန်လည်ဝင်ရောက်လာရာ အမျိုးသား(၁၀၀) ဦးနှင့် အမျိုးသမီး(၆၆)ဦး စုစုပေါင်း(၁၆၆)ဦးဖြစ်သည်။
ယနေ့ အများစုသည် ကိုယ်ဝန်ဆောင်မိခင်များ နှင့် ကလေးငယ်များ၊ ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ကြသူများ နှင့် စက်ရုံလုပ်ငန်းများ ကာလကြာရှည်စွာ ပိတ်ထားသဖြင့် အလုပ်နည်းပါးလာသောကြောင့် ပြန်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ နေရပ်ပြန် မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရှိရသည်။
ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို အဝင်အထွက်ဂိတ်မှာ တာဝန်ထမ်းဆောင်နေကြသည့် တာဝန်ရှိသူများက လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောပြခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှုများ နှင့် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ စစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းလည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ပြန်လည်ဝင်ရောက်လာသူများကို မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဝတီခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု ကြိုဆိုခဲ့သည်။
ထို့အပြင် လမ်းခရီးတွင် စားသောက်နိုင်ရန် World Food Programme (WFP) မှ ထမင်းဟင်းဘူးနှင့် သောက်ရေသန့်များကို ဝေငှပေးပါသည်။ ယင်းပြန်ဝင်ရောက်လာသောသူများကို မြဝတီခရိုင် တာဝန်ရှိသူများက ထိုင်းနိုင်ငံ နယ်စပ်ဂိတ် မဲဆောက်မြို့ဘက်ခြမ်းသို့ သွားရောက် ကြိုဆိုခဲ့ကြပြီး သက်ဆိုင်ရာဒေသ Quarantine Center သို့ (၁၄) ရက်ထားရှိရန် စီစဉ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ညနေပိုင်းလည်း ဆက်လက်ဝင်ရောက်လာရန် ရှိနေသေးကြောင်း သိရသည်။
#MRTV


