နေပြည်တော် ၁၈ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ တိုးချဲ့(၄)၌ စက်တင်ဘာ ၁၆ ရက် ညနေ ၄ နာရီခွဲက ပန်းလှိုင်မြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁ လုံး ရေမျောပါပျက်စီးခဲ့ရာ တန်ဖိုးငွေ ၁၂၀,၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၁၀ စု၊ လူဦးရေ ၄၅ ဦးမှာ ရေလွတ်ရာနေရာများသို့ ခေတ္တပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်းနှင့် လူ/တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
အလားတူ ဝါးခယ်မမြို့နယ်အတွင်း စက်တင်ဘာ ၁၇ ရက် နံနက် ၅ နာရီက ရွှေလောင်းမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ဟင်္သာဒုံးကျေးရွာ၌ မြစ်ကမ်းပါးအနီး နေထိုင်သော အိမ်ထောင်စု ၇ စု၊ လူဦးရေ ၄၁ ဦးတို့သည် အဆိုပါကျေးရွာအတွင်းရှိ ဆွေမျိုးများ၏ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား


